ဂျိုးဘိုင်ဒင်လက်ထက် ဒေဝါလီခံမှုများ အမြင့်ဆုံးအဆင့်သို့ ရောက်လာသည့် အမေရိကန်
အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးကုမ္ပဏီ ၆၈၆ ခု ဒေဝါလီခံခဲ့ရခြင်းကြောင့် ယင်းပမာဏသည် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပွားသည့် ၂၀၁၀ ပြည့်နှစ်မှစ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။
အမေရိကန်ကုမ္ပဏီများ ပိုမိုဒေဝါလီခံရခြင်းသည် အစိုးရက အတိုးနှုန်းမြှင့်တင်နေပြီး အမေရိကန် နိုင်ငံတစ်ဝန်းလုံးတွင်လည်း ဝယ်လိုအားများ ကျဆင်းနေချိန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေဝါလီခံခဲ့ရသည့် အဓိကအမေရိကန် စီးပွားရေးလုပ်ငန်းကြီးများတွင် အစားအသောက်သိုလှောင်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Tupperware၊ စားသောက်ဆိုင်လုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် Red Lobster၊ အဖိုးနှုန်းချိုသာသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သော Spirit လေကြောင်းနှင့် အလှကုန်ပစ္စည်းရောင်းချသည့်ကုမ္ပဏီတစ်ခုဖြစ်သော Avon Products တို့ပါဝင်သည်။
အမေရိကန်တွင် ဒေဝါလီခံရန် လျှောက်ထားသည့် စီးပွားရေးလုပ်ငန်းများအရေအတွက်သည် ၂၀၂၄ခုနှစ် ဇွန်လအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ယင်းတစ်လတည်းမှာပင် စီးပွားရေးလုပ်ငန်း အနည်းဆုံး ၇၅ ခု ဒေဝါလီခံယူရန် လျှောက်ထားခဲ့ပြီး ယင်းပမာဏသည် လွန်ခဲ့သည့် ၁၃နှစ်က ပမာဏထက်ပိုမို များပြားနေသည်။
အလားတူပင် ၂၀၂၄ခုနှစ် ဇွန်လ ၁၇ ရက်တွင် အမေရိကန် မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Fisker Group Inc. ဒေဝါလီခံရန်လျှောက်ထားခဲ့ရသည်။ အဆိုပါကုမ္ပဏီသည် ၎င်းတို့၏ မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းများကို ၂၀၂၄ ခုနှစ်မတ်လကတည်းက ရပ်ဆိုင်းပစ်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ် ဇွန်လအကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုအတွင်း ဒေဝါလီခံရသည့် စီးပွားရေး လုပ်ငန်းပမာဏမှာ ယခင်နှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု အမေရိကန် တရားရုံးများဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။
စီးပွားရေးအခြေအနေများကြောင့် ဒေဝါလီခံယူရန် တရားရုံးများသို့ လျှောက်ထားခဲ့ရသည့် လူပုဂ္ဂိုလ်အရေအတွက်မှာလည်း ၂၀၂၄ ခုနှစ် ဇွန်လအကုန်ပိုင်းတွင် ၄၆၄,၅၅၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။
ထို့ပြင် သမ္မတဂျိုးဘိုင်ဒင်လက်ထက်တွင် ကမ္ဘာ့စီးပွားရေးအတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းများ၏ ပါဝင်မှုသည် ၁၅ ရာခိုင်နှုန်းအောက်အထိ ကျဆင်းလာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ကထုတ်ပြန်သည့်အချက်များတွင် ဖော်ပြထားသည်။
ထို့ကြောင့် အရွယ်ရောက်ပြီး အမေရိကန်ပြည်သူ ၄၈ ရာခိုင်နှုန်းက နိုင်ငံ၏လက်ရှိအခြေအနေကို ဆိုးရွားလျက်ရှိသည်ဟု ရှုမြင်နေကြကြောင်း လူထုသဘောထားစစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ပြင် ဂျိုးဘိုင်ဒင်သမ္မတအဖြစ် တာဝန်ယူသည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကာလသည် အမေရိကန်ပြည်သူများ၏ ဘဏ္ဍာရေးအခြေအနေသည် ပိုမိုယိုယွင်းလာခဲ့ကြောင်း မစ်ချီဂန်တက္ကသိုလ်က လစဉ်ထုတ်ဝေသည့် အတွေးအမြင်ကဏ္ဍ၌ ဖော်ပြထားသည်။
ဂျိုးဘိုင်ဒင်အစိုးရ၏ Bidenomics စီးပွားရေးစနစ်သည် လုံးဝလျှော့ချ၍မရနိုင်သည့် ကပ်ဆိုက်မှု တစ်ရပ်ဖြစ်သည်ဟု အမေရိကန်ပြည်သူများကယူဆလျက်ရှိသည်။ ဘိုင်ဒင်အစိုးရ၏ မူဝါဒများကြောင့် ဆိုးရွားကြီးမားသည့်ငွေကြေးဖောင်းပွမှုကိုဖြစ်ပေါ်စေပြီး ဝင်ငွေနည်းသည့် အမေရိကန် ပြည်သူများအနေဖြင့် ၎င်းတို့လိုအပ်သည့် အခြေခံကုန်ပစ္စည်းများအတွက် ငွေကြေးကို ပိုမိုသုံးစွဲရလျက်ရှိသည်။
ထို့ပြင် ဘိုင်ဒင်အစိုးရ၏ Bidenomics စီးပွားရေးစနစ်သည် နိုင်ငံ့စီးပွားရေးကို ပျက်စီးစေခဲ့သည့်အပြင် အမေရိကန်နိုင်ငံသားမိသားစုအများအပြားသည် ၎င်း၏စီးပွားရေးမူဝါဒနှင့်ကိုက်ညီမှုမရှိ ကြောင်း အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကပြောကြားသည်။
Ref: Sputnik, UC
Source: Myawady Web Portal