Samsung ကုမ္ပဏီက Galaxy Easy Compensation အစီအစဉ်ကို စတင်မည်
ကမ္ဘာကျော် တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Samsung ကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ထားသည့် Galaxy စမတ်ဖုန်းအဟောင်းများကို ပြန်လည်လက်ခံ ဝယ်ယူပေးမည့် အစီအစဉ် တစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
Galaxy Easy Compensation ဟုအမည်ပေးထားသည့် အဆိုပါအစီအစဉ်သည် အီလက်ထရွန်နစ်ပစ္စည်း အပျက်အစီးများ လျှော့ချရေးနှင့် ပြန်လည်ပြုပြင် အသုံးပြုရေးတို့ကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။
အစီအစဉ် အရ Samsung အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ ဖုန်းအဟောင်းများကို ကုမ္ပဏီ၏ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြန်လည်ရောင်းချနိုင်မည်ဖြစ်သည်။
ထို့ပြင် စမတ်ဖုန်းအသုံးပြုသူများ အနေဖြင့်လည်း ၎င်းတို့၏ ဖုန်းအဟောင်းများကို ရောင်းချနိုင်မည့် ခန့်မှန်းဈေးနှုန်းကိုလည်း စုံစမ်းဖော်ထုတ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအား ဆုံးဖြတ်ပြီးပါက ဖုန်းအဟောင်းများကို Samsung ကုမ္ပဏီသို့ ချောပို့စနစ်ဖြင့် ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
အသုံးပြုသူများ ပေးပို့လိုက်သည့် Samsung ဖုန်းအဟောင်းများကို ကုမ္ပဏီမှ Excellent၊ Good နှင့် Recycle ဟူ၍ အဆင့် သုံးဆင့်ခွဲခြားသတ်မှတ်ပြီး သတ်မှတ်တန်ဖိုးများကို အသုံးပြုသူများထံ အသီးသီး ပြန်လည်ပို့ပေးမည်ဖြစ်သည်။
ကုမ္ပဏီအနေဖြင့် လာမည့်အနာဂတ်ကာလတွင် ၎င်းတို့ထုတ်လုပ်ထားသည့် လက်တော့များ၊ စမတ်နာရီများ၊ တက်ဘလက်ဖုန်းများကိုလည်း ယခုအစီအစဉ်အတိုင်း ပြန်လည်လက်ခံမည်ဟူသော မျှော်လင့်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။
Source: Myawady Web Portal