အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေး အနီရောင်အဆင့် (ပြိုကျ/ဖြိုဖျက်) နိုင်ငံတော်ပိုင်ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများဖျက်သိမ်းခြင်း ဆောင်ရွက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၄
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်ပိုင်ရုံးအဆောက်အအုံများနှင့် နိုင်ငံတော်ပိုင်ဝန်ထမ်းအိမ်ရာများသို့သွားရောက်၍ အဆောက်အအုံများ ဖြိုချဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် ဖြိုချဖျက်သိမ်းခြင်းလုပ်ငန်းများဆောက်ရွက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ တိုးချဲ့လေးထပ်ဆောင်အဆောက်အအုံနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးအဆောက်အအုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီး အောင် ဆောင်ရွက်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအလေးထား ဆောင်ရွက်ရေး မှာကြားသည်။
ထို့နောက် ဗလသိဒ္ဓိရပ်ကွက်နှင့် ဉာဏသိဒ္ဓိရပ်ကွက်တို့ရှိ ဖြိုချဖျက်သိမ်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်ပိုင် ဝန်ထမ်းအိမ်ရာများကို ဆက်လက်ကြည့်ရှုစစ်ဆေးပြီး ဆယ်တင်ပစ္စည်းများ စနစ်တကျပြန်လည်အသုံးပြုနိုင်ရေး၊ အပျက်အစီးများကို နေရာများသတ်မှတ်၍ စနစ်တကျစွန့်ပစ်သွားနိုင်ရေး ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်း ပြီးစီးအောင်ဆောင်ရွက် သွားနိုင်ရေးတို့ကိုမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်ပိုင် ရုံးအဆောက်အအုံများ၊ နိုင်ငံတော်ပိုင်ဝန်ထမ်းအိမ်ရာများနှင့် လူပျို/အပျို ဆောင်များကို အဆင့် (၁) စစ်ဆေးရေးအဖွဲ့အစည်းများဖွဲ့စည်းကာ စနစ်တကျစစ်ဆေးခဲ့ပြီး အပြာရောင်အဆင့် အဆောက်အအုံများကို ဦးစားပေးပြင်ဆင်လျက်ရှိသည်။ လိမ္မော်ရောင်အဆင့် အဆောက်အအုံများကို အဆင့် (၂) စစ်ဆေးရေးအဖွဲ့များဖြင့် အသေးစိတ်ထပ်မံစစ်ဆေးပြီး အဆင့် (၂) စစ်ဆေးမှုညွှန်ကြားချက်အတိုင်း Standard Operating Procedure – SOP နှင့်အညီ စတင်ပြင်ဆင်လျက်ရှိသည်။ အလားတူ အဓိကကျသည့်အစိတ်အပိုင်း (Structure) များ ထိခိုက်ပျက်စီးသွားသဖြင့် ဖြိုဖျက်ရမည့် အဆောက်အအုံများကိုလည်း ဖြိုဖျက်လျက်ရှိပြီး အသစ်တည်ဆောက်မည့် အဆောက်အအုံများအား ငလျင်ပြင်းအား ရစ်(ချ်)တာစကေး ၈.၀ မဂ္ဂနီကျုခံနိုင်သော အဆောက်အအုံဒီဇိုင်းများ ရေးဆွဲခြင်း၊ မြေစမ်းသပ်ခြင်း(Soil Test)၊ အကွက်ချပုံစံ(Layout Plan) များ ရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပြီး မကြာမီအဆောက်အအုံ အသစ်များ စတင်ဆောက်လုပ်ရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI