ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပန်းပွဲတော်ကို ရက်တိုး ဖွင့်လှစ်

News Image

  • ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပန်းပွဲတော်ကို ရက်တိုး ဖွင့်လှစ်

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ရက်တိုးဖွင့်လှစ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၊နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပရန်သတ်မှတ်ခဲ့ရာမှ လာမည့် ဇန်နဝါရီလ ၁၉ ရက်အထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်တွင် ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် ၂၅ မျိုးခန့်၊ ဒေသပန်းမျိုးစိတ်မျိုး ၂၀ ခန့် စုစုပေါင်း ပန်းပင်နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း သိရ သည်။

ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့်ဆိုင်ခန်းများဖြင့် ရောင်းချ ပေးသည့်အစီအစဉ်များ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အပန်းဖြေအနားယူသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

ကိုးကား-NP News