မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်းခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေတာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။
လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။
ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်းရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့် အလှူငွေများ၊ 6000w sola ၂၄ စုံ၊ စတုပစ္စယာနုဂ္ဂဟပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။
Source: Popular Myanmar