ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၁,၁၇၀,၀၀၀)ကျော် ဝင်ရောက်
ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ မေလ (၁၉)ရက်အထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၁,၁၇၀,၀၀၀)ကျော်ဝင်ရောက်ခဲ့ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်သူအများဆုံးဖြစ်ကြောင်း သိရသည်။
ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကာ တောင်တက် မော်တော်ယာဉ်အစီးရေ (၁၅၀) ကိုလည်း နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရသည်။
ကျိုက်ထီးရိုး တောင်တော်တလျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်းလည်း သိရသည်။
Source: Popular Myanmar