လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများ၊ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွာသစ်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအနီး Drop Bomb များ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ကြည်ခိုင်(၅၁)နှစ်နှင့် ဒေါ်ခင်နု(၅၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ စာတိုက်ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်လာခါပသီး(၃၉)နှစ်၊ မောင်ကစ္စနားလား(၆)နှစ်နှင့် ဒေါ်စန်းမြင့်(၆၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဒေါ်လာခါပသီးနှင့် မောင်ကစ္စနားလားတို့သည် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပုရပိုက်တန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ပေါက်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်နွေးနွေး(၃၀)နှစ်နှင့် ဒေါ်နွယ်နီဝင်း(၅၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆင်ဖြူကျွန်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm