နှစ်ပေါင်း ၃၀ အတွင်း Nankai Trough မဟာငလျင်ကြီး လှုပ်နိုင်ခြေခန့်မှန်းချက်ကို ၈၀% အထိ မြှင့်တင်
ဂျပန်အစိုးရ၏ ငလျင်ဆိုင်ရာသုတေသနကော်မတီတစ်ခုက လာမည့်နှစ် ၃၀ အတွင်း Nankai Trough မဟာ ငလျင်ကြီး လှုပ်နိုင်ခြေခန့်မှန်းချက်ကို ယခင်က ၇၀% မှ ၈၀% ဟု ခန့်မှန်းထားရာမှ ၈၀% အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှ အလယ်ပိုင်းအထိ ပစိဖိတ်ကမ်းလွန်တွင်တည်ရှိသော Nankai Trough တွင် မဂ္ဂနီကျုဒ် ၈ မှ ၉ အထိရှိသော ငလျင်တစ်ခု လှုပ်နိုင်ခြေရှိနေပါသည်။
အဆိုပါကော်မတီသည် နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အထိ အနေအထားများအရ ဂျပန်နိုင်ငံပတ်ဝန်းကျင် ပင်လယ်ပြင်အောက်၌ ငလျင်လှုပ်နိုင်ခြေများကို တွက်ချက် ခန့်မှန်းပါသည်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း မီယာဇာကီခရိုင်၌ သြဂုတ်လတွင် လှုပ်ခဲ့သည့် အင်အားပြင်းငလျင်နှင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၎င်းဒေသ၌ လှုပ်ခဲ့သော အင်အားပြင်း ငလျင်များသည် ယခုပြင်ဆင်လိုက်သည့် Nankai Trough ငလျင်လှုပ်နိုင်ခြေအပေါ် သက်ရောက်မှုမရှိခဲ့ကြောင်း အဆိုပါကော်မတီကပြောကြားခဲ့ပါသည်။
ခန့်မှန်းထားသည့် မဟာငလျင်လှုပ်ခတ်မှုမဖြစ်မချင်း ၎င်းဖြစ်နိုင်ခြေသည် တိုးလာမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီက ဆိုပါသည်။
Nankai Trough မဟာငလျင်ဆိုင်ရာ ကိန်းဂဏန်းများသည် ယခုကဲ့သို့ တွက်ချက်ခန့်မှန်းမှုများ စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ၆၀% မှ ၇၀% ရှိနေခဲ့ပြီး ဖြစ်နိုင်ခြေသည် ၂၀၁၄ ခုနှစ်တွင် ၇၀% ဝန်းကျင်၊ ၂၀၁၈ ခုနှစ်တွင် ၇၀% မှ ၈၀% သို့ မြှင့်တက်လာခဲ့ခြင်းဖြစ်သည်။
ကိုးကား-NHK World