အသံထက်လေးဆ ပိုမိုမြန်ဆန်သည့် အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပြီး နာဆာ၏ Son of Concorde အတွက်အဓိကပြိုင်ဘက်ဖြစ်လာမည့် ယွမ်ရှင်းအသံထက်မြန်လေယာဉ်

News Image

  • အသံထက်လေးဆ ပိုမိုမြန်ဆန်သည့် အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပြီး နာဆာ၏ Son of Concorde အတွက်အဓိကပြိုင်ဘက်ဖြစ်လာမည့် ယွမ်ရှင်းအသံထက်မြန်လေယာဉ်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်အခြေပြုသည့် Space Transportation ကုမ္ပဏီသည် နာဆာအတွက်  လော့ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်နေသည့် Son of Concorde လေယာဉ်ထက် ပိုမိုမြန်ဆန်သည့် လေယာဉ် အင်ဂျင်တစ်မျိုးကို ထုတ်လုပ်လျက်ရှိသည်။

စမ်းသပ်မှုများလုပ်ဆောင်စဉ်အတွင်း အဆိုပါလေယာဉ်အင်ဂျင်သည် တစ်နာရီလျှင် ၃၀၄၅ မိုင်အထိ ရောက်ရှိခဲ့ကြောင်းတွေ့ရသည်။ ယင်းအရှိန်နှုန်းမှာ အသံထက် လေးဆပိုမြန်သည်။ ထို့ကြောင့်   အဆိုပါအင်ဂျင်သည် အရပ်ဘက်သုံးလေကြောင်းပျံသန်းရေးကဏ္ဍအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း   Space Transportation ကုမ္ပဏီကပြောသည်။

Space Transportation ကုမ္ပဏီက အဆိုပါလေယာဉ်အင်ဂျင်ကို ကျင်းတော့ယွမ် ဟုအမည်ပေးထားသည်။ ၎င်းကုမ္ပဏီသည် အဆိုပါအင်ဂျင်အား ၂၀၂၄  ခုနှစ်ဒီဇင်ဘာလ ၁၇ ရက်က   တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင်   အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း တရုတ် Global Times သတင်းစာကဖော်ပြထားသည်။

ကျင်းတော့ယွမ်ဟု အမည်ပေးထားသည့် အဆိုပါအင်ဂျင်သည် လေထုအတွင်းမှ အောက်ဆီဂျင်ကို တိုက်ရိုက်လောင်ကျွမ်းစေသည့် ramjet အင်ဂျင်အမျိုးအစားဖြစ်သည်။ အင်ဂျင်အားစမ်းသပ်ရာတွင်  ၎င်းအင်ဂျင်၏ အရေးပါသည့်အချက်အလက်များဖြစ်သည့် လောင်စာထောက်ပံ့မှု၊ လျှပ်စစ်နှင့် ထိန်းချုပ်ရေးစနစ်များ စသည့်အချက်အလက်များကို ဖော်ပြထားသည်။

ထို့ပြင် အဆိုပါအင်ဂျင်အား အောင်မြင်စွာစမ်းသပ်နိုင်ခြင်းသည် ယွမ်ရှင်းအသံထက်မြန်အရပ်ဘက်သုံး လေယာဉ်တည်ဆောက်ရေးအတွက် အရေးပါသည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ ထို့ပြင် ကျင်းတော့ယွမ်အင်ဂျင်အား ယွမ်ရှင်းအသံထက်မြန် အရပ်ဘက်သုံးလေယာဉ်တွင် တပ်ဆင်အသုံးပြုခြင်းအားဖြင့် ခရီးသည်များနှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သူများအတွက် ဝေးကွာသည့်ဒေသများသို့ အချိန်တိုအတွင်းခရီးသွားလာနိုင်သည့်   အတွေ့အကြုံများကိုဖြစ်ပေါ်စေမည်ဖြစ်သည်။

Space Transportation ကုမ္ပဏီသည် ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်   သို့မဟုတ် ခရီးသည်တင်လေယာဉ်ကို   လာမည့် ၂၀၂၇ ခုနှစ်တွင်ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပျံသန်းရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ခရီးသည်များကိုပထမဆုံးအကြိမ်အဖြစ် တင်ဆောင်ပျံသန်းနိုင်မည်ဟုရည်မှန်းထားသည်။

ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ကြာချိန်နှစ်နာရီအတွင်း ပျံသန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ခရီးသည်များအနေဖြင့် မြေပြင်မှအမြင့် ပေ ၆၅၆၀၀ ကျော်မှပျံသန်းရမည်ဖြစ်သောကြောင့်   မိုးကုပ်စက်ဝိုင်းကို   သာမန်အတိုင်းမဟုတ်ဘဲထူးခြားစွာတွေ့မြင်ရမည်ဖြစ်သည်။

ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်၏ပုံသဏ္ဌာန်မှာ သွယ်လျပြီး မျက်မှောက်ခေတ် လေဆိပ်များတွင်တွေ့မြင်နေရသည့် သမားရိုးကျလေယာဉ်များထက် Thunderbirds ရုပ်ရှင်ပြကွက်များအတွင်းမှ အနာဂတ်လေယာဉ်ဒီဇိုင်းမျိုးဖြစ်သည်။

Space Transportation ကုမ္ပဏီအနေဖြင့် အဆိုပါအသံထက်မြန် ခရီးသည်တင်လေယာဉ်ကို ထုတ်လုပ်ရာတွင် ပေါ့ပါးပြီးခံနိုင်စွမ်းရည်မြင့်မားသည့် ပစ္စည်းအစိတ်အပိုင်းများဖြင့် တည်ဆောက်မည်ဖြစ်သည်။ အထူးသဖြင့် အသံထက်လေးဆပိုမြန်သည့် အရှိန်နှုန်းဖြင့် ပျံသန်းရာတွင် တွေ့ကြုံရမည့် အပူချိန်ကို ခံနိုင်စေရန်အတွက်ဖြစ်သည်။

ထို့ပြင်  လေယာဉ်ပျံသန်းထွက်ခွာရာတွင်လည်း သာမန်လေယာဉ်များကဲ့သို့ ရေပြင်ညီအတိုင်း ပျံသန်းထွက်ခွာခြင်းမဟုတ်ဘဲ ယွမ်ရှင်းအသံထက်မြန်လေယာဉ်အနေဖြင့် ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် တရုတ် Space Transpor-tation ကုမ္ပဏီက   ထုတ်လုပ်နေသည့်ယွမ်ရှင်းအသံထက်မြန်လေယာဉ်သည်နာဆာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းကထုတ်လုပ်ဖော်ပြခဲ့သည့် Son of Concordeဟုအမည်ပေးထားသော X-59 အသံထက်မြန်လေယာဉ်၏  ထူးခြားသည့် ပြိုင်ဘက် လေယာဉ်တစ်စင်းဖြစ်လာမည်ဖြစ်သည်။

X-59 အသံထက်မြန်လေယာဉ်ကိုအမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် လော့ဟိမာတင်က  ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၄၇ ဒသမ ၅ သန်းရှိသည်ဟုဆိုသည်။ သို့သော် နာဆာ၏ Son of Concorde လေယာဉ်သည် တစ်နာရီလျှင် ၉၃၇ မိုင်သာ မောင်းနှင်ပျံသန်းနိုင် ခြင်းရှိသောကြောင့် အသံထက်မြန်သည်ဟုဆိုနိုင်သော်လည်း အသံထက်လေးဆပိုမိုမြန်ဆန်သည့်နှုန်းကိုမူ လိုက်၍မီနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများကခန့်မှန်းထားသည်။   ။

Source: Myawady Web Portal