ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု ထရမ့်ကြေညာခြင်းအပေါ် စိတ်မကောင်းဖြစ်မိဟုဆို

News Image

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ  အမေရိကန်ပြည်ထောင်စုနုတ်ထွက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း အဆိုပါအဖွဲ့ကြီးက ဇန်နဝါရီလ၂၁ ရက်တွင်ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ထရမ့်အနေဖြင့် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားမည်ဟုမျှော်လင့်မိကြောင်း၊   ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အမေရိကန်နှင့်မိတ်ဖက်ပူးပေါင်းခြင်းကို ဆက်လက်ထိန်းသိမ်းရန်  မျှော်လင့်ထားကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည့်ကြေညာချက်တွင်ဖော်ပြသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အမေရိကန်ပြည်သူများ၏ ချမ်းသာသုခအပါအဝင် တစ်ကမ္ဘာလုံး၏ ကျန်းမာရေးနှင့်ဘေးကင်းရေးကို စောင့်ရှောက်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း ယင်းအဖွဲ့ကြီးကအလေးပေးပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အားတည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံ အဖြစ် ၁၉၄၈ ခုနှစ်မှစ၍ အဖွဲ့ဝင် ၁၉၃ နိုင်ငံနှင့်အတူ အဖွဲ့ကြီး၏အုပ်ချုပ်မှုနှင့် အဖွဲ့ကြီးအား ပုံဖော်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုနုတ်ထွက်သည့် အမိန့်ကြေညာချက်အား ထရမ့်က ဇန်နဝါရီလ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Source: Myawady Web Portal