တရုတ်နိုင်ငံ၏ ငွေကြေးမူဝါဒကို အပြောင်းအလဲ ပြုလုပ်မည်ဆိုပါက အချိန်ကောင်းရွေးချယ်ပြီး ဆောင်ရွက်သင့်ကြောင်း မတ်လ ၁၅ ရက်တွင် တရုတ်မီဒီယာများက ရေးသားဖော်ပြထားပါသည်။ လတ်တလော အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုများ၏ ဂယက် ရိုက်မှုများအကြားမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးမူဝါဒ အပေါ်ပြန်လည်သုံးသပ်ပြီး သင့်တော်မည့်အချိန်တွင် ဖြေလျှော့သင့်ကြောင်း တရုတ်ဗဟိုဘဏ်က အကြံပြုထားကြောင်း သိရှိရပါသည်။ ငွေကြေးမူဝါဒကို ဖြေလျှော့ပါက အတိုးနှုန်းဖြတ်တောက်ခြင်းများ၊ ဘဏ်များ၏ သီးသန့်ရန်ပုံငွေအချိုးများ (Reserve Requirement Ratio) ကို ဖြေလျှော့ပေးရမည် ဖြစ်ပါသည်။ တရုတ်၏ ငွေကြေးမူဝါဒသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ပံ့ပိုးပေးခြင်းနှင့် စွန့်စားမှုများကို တားဆီးခြင်းအကြား ဟန်ချက်ညီအောင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ပြည်တွင်းဘဏ်များ၏ အတိုးနှုန်းများသည် တရုတ်နိုင်ငံ၏ ငွေကြေးမူဝါဒအပေါ် ကန့်သတ်မှုများ ဖြစ်ပေါ်စေပါသည်။ တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတိုးနှုန်းများနှင့် ဘဏ်များ၏ သီးသန့်ရန်ပုံငွေအချိုးများ (Reserve Requirement Ratio) များကို ၂၀၂၄ ခုနှစ်တွင် နှစ်ကြိမ်လျှော့ချပေးခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်သမ္မတ ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ခံခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အတိုးနှုန်းများ လျှော့ချခဲ့ခြင်း မရှိသေးကြောင်း သိရှိရပါသည်။ကိုးကား- https://money.usnews.com/ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃