သမ္မတထရမ့်က လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ ကနေဒါထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဆိုပါက တုံ့ပြန်သွားရန် အသင့်ရှိကြောင်း ကနေဒါ ပြောကြား
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ကနေဒါနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားရန် စဉ်းစား ထားကြောင်း ဇန်နဝါရီ ၂၀ ရက်(တနင်္လာနေ့)ညတွင် ပြောကြားခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ကနေဒါထိပ်တန်းဝန်ကြီးများက ပြောကြားလိုက်ပါသည်။
ထရမ့်သည် ကနေဒါ၊ မက္ကဆီကိုနှင့် အခြားကုန်သွယ်ဖက်နိုင်ငံများမှ တင်သွင်းသည့် ထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ရန် စဉ်းစားထား ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့ညပိုင်းတွင် ပြောကြား ခဲ့သည်။
အဆိုပါသွင်းကုန်ခွန်များကို စားသုံးသူများကိုယ်စား တင်သွင်းသူများက လက်ရှိပေးဆောင်နေသော်လည်း မကြာမီ သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ရာ လိုက်နာမှုမရှိပါက အဆိုပါတင်သွင်းသူနိုင်ငံများအနေဖြင့် ကုန်သွယ်မှုဒဏ်ကြေးများ ပေးဆောင်ရလိမ့်မည်ဟု ထရမ့်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။
“အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်နေမှုကို ပြန်လည်တုံ့ပြန်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်" ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောကြားခဲ့ပါသည်။
ကနေဒါနိုင်ငံသည် ကမ္ဘာပေါ်တွင် ကုန်သွယ်ရေးကို အများဆုံးမှီခိုသည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ကနေဒါ၏ ပို့ကုန် ၇၅ ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မော်တော်ကားနှင့် ကားအပိုပစ္စည်းများ တင်ပို့ခြင်းဖြစ်သည်။
ကနေဒါသည် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၃၆ ခုသို့ အများဆုံးတင်ပို့သည့် နိုင်ငံလည်းဖြစ်သည်။ နယ်စပ်မှတစ်ဆင့် နေ့စဉ် ကနေဒါဒေါ်လာ ၃.၆ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ) တန်ဖိုးရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အမေရိကန် နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။
အမေရိကန်က ကနေဒါကို မလိုအပ်ကြောင်း ထရမ့်က ပြောဆိုနေသော်လည်း အမေရိကန်နိုင်ငံတွင် တစ်ရက် သုံးစွဲသည့် ရေနံ၏ လေးပုံတစ်ပုံကို ကနေဒါနိုင်ငံမှ တင်သွင်းနေရခြင်းဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်မှုကုန်ကျ စရိတ်၊ အလုပ်အကိုင်ရရှိမှုနှင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား အဆင့်ဆင့်လွှဲပြောင်းရယူမှု ကွင်းဆက် (Supply Chain) စနစ်ခိုင်မာစေရေးနှင့်ပတ်သက်ပြီး ယခုလို သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံမည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေခြင်းသည် အမေရိကန်အစိုးရအတွက် အမှားအယွင်း တစ်ခုပါပဲ" ဟု ကနေဒါ ဘဏ္ဍာရေးဝန်ကြီး Dominic LeBlanc က ပြောကြားလိုက်သည်။
ကိုးကား -AP News