အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မက္ကဆီကိုနှင့် ထိစပ်နေသည့်နယ်စပ်တွင် တပ်ဖွဲ့ဝင်များ ထပ်မံ ဖြန့်ကျက်ချထား

News Image

  • အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က မက္ကဆီကိုနှင့် ထိစပ်နေသည့်နယ်စပ်တွင် တပ်ဖွဲ့ဝင်များ ထပ်မံ ဖြန့်ကျက်ချထား

တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့များကို ကူညီရန်အတွက် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က တပ်ဖွဲ့ဝင်များကို မက္ကဆီကိုနှင့် ထိစပ်နေသောနယ်စပ်နေရာများ၌ ထပ်မံဖြန့်ကျက် ချထားခဲ့ကြောင်းသိရပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိန်းချုပ်ရန်ကတိပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြန့်ကျက်ချထားမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ်တွင် စစ်သည်ဦးရေ (၁၅၀၀)အား ထပ်မံဖြန့်ကျက်ချထားရန် အမိန့်အား ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောခဲ့ သည်။

တက္ကဆက်ပြည်နယ်၊ El Paso မြို့၌ အခြေစိုက်သည့် Joint Task Force-North ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် (၂၂၀၀) ခန့် သည် နယ်စပ်၌တပ်စွဲထားပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်သည်များသည် အမျိုးသားအစောင့်တပ်ဖွဲ့၊ အမေရိကန်နယ်ခြားစောင့်တပ်ဖွဲ့တို့နှင့်အတူ တာဝန် ထမ်းဆောင်လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် အချက်အလက်များ စိစစ်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၌ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ပင်တဂွန်သည် ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်ရန်အတွက် ဆက်စပ်အဖွဲ့သားများနှင့်အတူ ရဟတ်ယာဉ်များကို စေလွှတ်သွားမည်ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး ရောဘတ်ဆေးလ်ဆတ်စ်က ပြောကြားခဲ့ပါသည်။

၎င်းအပြင် ပင်တဂွန်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရန်အတွက် စစ်လေယာဉ်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်ဟုလည်း ရောဘတ်ဆေးလ်ဆတ်စ်က ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့်သည် မက္ကဆီကိုနှင့်ထိစပ်နေသော နယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်တစ်သောင်းဝန်းကျင် စေလွှတ်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Washington Post က ရေးသားဖော်ပြခဲ့ပါသည်။

ကိုးကား-NP News