အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်း ၁၆၀ ကို အိမ်ပြန်ပို့
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဒေါ်နယ်ထရမ့်၏ အစီအစဉ်များနှင့် ကိုက်ညီမှုရှိ၊ မရှိ ချိန်ညှိနိုင်ရန် ထရမ့်အစိုးရ အဖွဲ့က ပြန်လည်သုံးသပ်နေစဉ် ဇန်နဝါရီ ၂၂ ရက် (ဗုဒ္ဓဟူးနေ့)တွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး Mike Waltz က အိမ်ဖြူတော်ရှိ အမျိုးသားလုံခြုံရေး ကောင်စီဝန်ထမ်း ၁၆၀ ကို နေအိမ်များသို့ ပြန်ပို့လိုက်ပါသည်။
ကောင်စီတွင် ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဝန်ထမ်းများရွေးချယ်ရာတွင် “နိုင်ငံရေးလုပ်ဆောင်ချက် မည်မျှ ရှိသလဲ၊ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူ့ကို မဲပေးခဲ့သလဲ၊ ယခင်က ရွေးကောက်ခံသမ္မတ ထရမ့်နှင့် အဖွဲ့ကို လူမှုမီဒီယာများတွင် ပြစ်တင်စွပ်စွဲရေးသားခဲ့ခြင်း ရှိ၊ မရှိ” စသည့်အချက်များကို ထရမ့်အစိုးရအဖွဲ့က မေးမြန်းလျက်ရှိကြောင်း သိရပါသည်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီသည် လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံဉာဏ်များကို သမ္မတ ထံ တင်ပြရပါသည်။
ကိုးကား-AP