တရုတ်သည် ကမ္ဘာ့ပထမဆုံး ရေအောက်နှင့် ဝေဟင်တွင် ပျံသန်းနိုင်သော ဒရုန်းကို တီထွင်

News Image

  • တရုတ်သည် ကမ္ဘာ့ပထမဆုံး ရေအောက်နှင့် ဝေဟင်တွင် ပျံသန်းနိုင်သော ဒရုန်းကို တီထွင်

တရုတ်နိုင်ငံသည် ရေအောက်နှင့်ဝေဟင်စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့်ဒရုန်းများကို တီထွင်ခဲ့ကြောင်းသိရပါသည်။ ရေငုပ်သင်္ဘောမှပစ်လွှတ်ရသော အဆိုပါဒရုန်းများသည် ပင်လယ်ရေကြောင်းစစ်ဆင်ရေးနယ်မြေတွင် ရှင်သန်နိုင်စွမ်းမြင့်မားသည်ဟုလည်းဆိုထားသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အား အုပ်ဖွဲ့ပျံသန်းတိုက်ခိုက်မှုများဖြင့် အလစ်အငိုက် ရယူတိုက်ခိုက်ရန် အာရှရေပိုင်နက်အနီးတွင် အမေရိကန်က ရေအောက်တိုက်ခိုက်ရေးဒရုန်းများ ဖြန့်ကြက်လာမည်ကို စိုးရိမ်သဖြင့် တရုတ်က ဤနောက်ဆုံးပေါ်ဒရုန်းကို တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် နောက်ဆုံးပေါ်ဒရုန်းများသည် အမေရိကန်ပင်တဂွန်မှ အသုံးပြုနေသည့် ဒရုန်းအမျိုးအစားများထက် ပိုမိုအဆင့်မြင့်သည်ဟု ဆိုသည်။ တရုတ်သုတေသီများတီထွင်ထားသည့် ဒရုန်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး ထူးခြားသောခေါက်သိမ်းနိုင်သည့်တောင်ပံဒီဇိုင်းပါရှိသည်။ သို့ဖြစ်၍ ဒရုန်းသည် ရေပြင်နှင့် ဝေဟင်ကြားခံနယ်များကိုဖြတ်သန်း၍ ပျံသန်းနိုင်မည်ဖြစ်ပါသည်။ 

Feiyi ဟု အမည်ပေးထားသည့် အဆိုပါဒရုန်းသည် စစ်ဘက်နယ်ပယ်တွင်အသုံးချနိုင်သည့် အလားအလာကောင်းများရှိပြီး ရေကြောင်းကင်းထောက်မှု၊ စောင့်ကြည့်ထောက်လှမ်းမှုနှင့် တိုက်ခိုက်ရေးတာဝန်များလုပ်ဆောင်နိုင်သည်ဟု ဆိုသည်။ ရေပြင်နှင့်ဝေဟင်နှစ်မျိုးလုံးတွင်ပျံသန်းနိုင်သော ဒရုန်းသည် ပြင်းထန်သောလှိုင်းလုံးများနှင့် ရင်ဆိုင်ရလျှင်ပင် ရေပြင်ပေါ်၌တည့်မတ်စွာနေနိုင်သည်ဟု ဆိုထားသည်။ ဒရုန်းသည် ရေပေါ်သို့ဆင်းသက်ပြီးနောက် ငါးစက္ကန့်အတွင်း လက်တံများကိုခေါက်၍ ရေအောက်သို့ငုပ်ဆင်းနိုင်ပါသည်။ အမေရိကန်တပ်ဖွဲ့က အသုံးပြုရန်စီစဉ်ထားသောဒရုန်းများသည် တော်ပီဒိုပုံစံပြွန်ဖြင့် ရေမျက်နှာပြင်ပေါ်သို့ လွှတ်တင်ရန်လိုအပ်ပြီး ရေအောက်တွင်လည်း ရွေ့လျားသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။ 

Ref; https://interestingengineering.com/military/china-submarine-drone-underwater-aerial-use 

ဘာသာပြန်- ထက်မြက်အောင်

ပေးပို့သူ- ဗိုလ်မှူး အောင်ထက်ထက်