လော့စ်အိန်ဂျလိစ်ဒေသမြောက်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွား ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ရ
လော့စ်အိန်ဂျလိစ်၊ သဘာဝဘေး
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဇန်နဝါရီလ ၂၂ ရက်က တောမီးလောင်ကျွမ်းမှုအသစ် ထပ်မံဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် အာဏာပိုင်များက ညွှန်ကြားခဲ့ရကြောင်းသိရသည်။
Hughes တောမီးဟုအမည်ပေးထားသည့် အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းမှစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးအတွင်း သစ်တောဧက ၁၀၀၀၀ ကျော်လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်လျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက် ညပိုင်းအထိ တောမီးလောင်ကျွမ်းမှု၏ ၁၄ ရာခိုင်နှုန်းကိုသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်နယ်သစ်တောနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Hughes တောမီးလောင်ကျွမ်းသည့်ဒေသတွင် ဇန်နဝါရီလ ၂၂ ရက်ညပိုင်းမှ ၂၃ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့်ရှိနိုင်ကြောင်း အမေရိကန်အမျိုးသားမိုးလေဝသဌာန လော့စ်အိန်ဂျလိစ်ဌာနခွဲ၏ ခန့်မှန်းချက်အရ သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍တောမီးများလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး အဆောက် အအုံ၁၄၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီးဖြစ်သည်။
Source: Myawady Daily Newspaper