ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေကြေးများတောင်းခံခဲ့ကြသည့် ဝန်ထမ်းများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းထားရှိ၍ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများသိရှိ နားလည်စေရန် ရုပ်မြင်သံကြားများနှင့် သတင်းစာများတွင် ထုတ်ပြန်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားများကိုသာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆင့်ခေါ်ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသော်လည်း ဇန်နဝါရီ ၂၆ ရက်နေ့၌ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ ငွေကြေးအလွဲသုံးစားမှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်အား မြေပြင်သတင်းစိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ၊မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲသည် ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက်(၂၄)နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ် ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူတစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။
ဆက်လက်စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ ငွေကျပ်သိန်း ၁၃၀ အား ရွှေဘိုမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မည့် ရွှေဘိုမြို၊ အမှတ်(၁၀) ရပ်ကွက်တွင်နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသည်ဖြင့်အသီးသီးခွဲယူခဲ့ကြကြောင်း ဖော်ထုတ်ရရှိ ခဲ့သည်။
ဖြစ်စဉ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအားဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာဆင့်ခေါ်သွားရန်နှင့် ငွေကြေးများတောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများမရှိစေရေး တာဝန်ရှိသူများမှအသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။
Source: www.moi.gov.mm