တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်အတွင်း တရုတ်လူမျိုး သန်းနှင့်ချီ နေရပ်ပြန်ကြသည့်အတွက် ယခုနှစ်သည် ကမ္ဘာပေါ်တွင် ခရီးသွားလာမှု အများဆုံးဖြစ်ခဲ့
နွေဦးရာသီပွဲတော် သို့မဟုတ် နှစ်သစ်ကူးပွဲတော်ကာလအတွင်း ခရီးသွားပြည်သူ ဘီလီယံနှင့်ချီ၍ ရက်ပေါင်း ၄၀ ကြာ ခရီးသွားလာကြမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသည် စီးပွားရေးကျဆင်းမှုအခြေအနေကို ရင်ဆိုင်နေရသဖြင့် ယခုလို ခရီးသွားရာသီ (Chunyun) အတွင်း တရုတ်နိုင်ငံစီးပွားရေးကို မြှင့်တင်ရန် မျှော်လင့်ထားသည်။ Chunyun သည် တရုတ်နှစ်သစ်ကူး ပထမ နေ့ မတိုင်မီ ၁၅ ရက်အလိုတွင် စတင်လေ့ရှိသည်။
ဇန်နဝါရီ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးအား ကျင်းပရန် နိုင်ငံတစ်ဝှမ်းရှိ တရုတ်နိုင်ငံသား သန်းနှင့်ချီ နေရပ်ပြန်ခြင်းနှင့် ခရီးသွားလာကြခြင်းဖြစ်သည်။
ခရီးသွားရာသီကာလဖြစ်၍ ရှန်ဟိုင်းမြို့၏ အစည်ကားဆုံးနှင့် သယ်ယူပို့ဆောင်ရေးအချက်အချာနေရာဖြစ်သည့် Hongqiao မီးရထားဘူတာရုံရှိ ခရီးသည်အရေအတွက် စုစုပေါင်းသည် တရုတ်နိုင်ငံနှစ်စဉ် ခရီးသွားလာမှုနှုန်း၏ နှစ်ဆအထိ မြင့်တက်ခဲ့သည်။
ယခုနှစ်သည် တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း ခရီးသွားလာမှုအများဆုံးဖြစ်ပြီး နေရပ်ပြန်သူများနှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သူများက အစိုးရရုံးပိတ်ရက်ရှည် ၈ ရက်တာကို ကောင်းစွာ အသုံးချရန် မျှော်လင့်ထားကြသည်။
ယခုနှစ်အတွင်း ပြည်တွင်းခရီးသွားလာမှုအကြိမ်အရေအတွက် ၉ ဘီလီယံအထိ စံချိန်တင်ရောက်ရှိလာမည်ဟု တရုတ်အာဏာပိုင်များက ခန့်မှန်းထားသည်။
ကိုးကား-CNA