လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဖုန်မှုန့်များကို ကာကွယ်ပေးနိုင်သည့် ဖုန်ကာစားသောက်ဆိုင် အရေအတွက်ကို ထိုင်းတိုးမြှင့်မည်

News Image

  • လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဖုန်မှုန့်များကို ကာကွယ်ပေးနိုင်သည့် ဖုန်ကာစားသောက်ဆိုင် အရေအတွက်ကို ထိုင်းတိုးမြှင့်မည်

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် ထိုင်းအစိုးရအနေဖြင့် တစ်နိုင်ငံလုံးတွင် ဖုန်မှုန့်များကို  ကာကွယ်ပေးနိုင်သည့်     ဖုန်ကာစားသောက်ဆိုင် အရေအတွက်ကို သုံးလအတွင်း ၂၀,၀၀၀ အထိ တိုးမြှင့်မည်ဖြစ်သည်ဟု  ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဖေဖော်ဝါရီလ ၂ ရက်တွင် ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း၌ ဖုန်ကာစားသောက်ဆိုင်အရေအတွက်မှာ ပြည်နယ်ကိုးခုအတွင်း ၂၃၄ ဆိုင်သာ ရှိနေသေးသောကြောင့် ပြည်သူများ၏ ကျန်းမာရေးအတွက် အဆိုပါ စားသောက်ဆိုင်အရေအတွက်ကို တိုးမြှင့်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတီဆာဝေသန်းက   ပြောသည်။

ကနဦးအစီအစဉ်အဖြစ်     အစိုးရက ဘန်ကောက်မြို့နှင့် အနီးအနားရှိ ပြည်နယ်များမှ   စားသောက်ဆိုင်များအား စားသုံးသူဖောက်သည်များအတွက် ဖုန်ကာစားသောက်ဆိုင် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနိုင်မည့် နည်းလမ်းများကို သင်ကြားပေးမည်ဖြစ်သည်။ ယင်းနောက်တွင် ဖူးခက်၊ ချင်းမိုင်ကဲ့သို့သော မြို့များတွင်လည်း လေ့ကျင့်သင်ကြားမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

အစိုးရ၏ယခုအစီအစဉ်သည် နိုင်ငံအတွင်းရှိ   ပြည်နယ်အများအပြားတွင် လေထုညစ်ညမ်းမှုများဖြစ်ပွားပြီးနောက် အများပြည်သူများနှင့်  သက်ဆိုင်သည့် နေရာများတွင် ဖုန်ကာအဆောက်အအုံများ တည်ဆောက်မည့်အစီအစဉ်၏    တစ်စိတ်တစ်ဒေသဖြစ်သည်။

ထို့ပြင် ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ မူကြိုကျောင်းများနှင့် စာသင်ကျောင်းများတွင်လည်း ဖုန်ကာကွယ်ပေးနိုင်သည့် အဆောက်အအုံများ အသုံးပြုကြရန် တိုက်တွန်းထားသည်။  

Source: Myawady Web Portal