PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်
01 February 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာနေ ဦးတင့်နိုင်ထွန်း(၃၅)နှစ်သည် မြောင်ကျေးရွာမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နှောကုန်း-သဖန်းပင်ဆိပ် ကျေးရွာချင်းဆက်လမ်းမပေါ်အရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင့်နိုင်ထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လောင်းလုံးမြို့နယ်၊ (ခ)ရပ်ကွက်နေ ဦးသောင်းယု(၅၈)နှစ်သည် တလိုင်းတောင်ကျေးရွာမှ လောင်းလုံးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် သာယာကုန်းကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ငါနန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာနေ ဦးမြတ်သူအောင်(၃၂)နှစ်၊ ဦးသိန်းထွေး(၃၀)နှစ်၊ ဒေါ်ကြူ(၅၀)နှစ်နှင့် ဆုံရွာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်အိအိဖြိုး(၃၀)နှစ်တို့သည် ဆီမီးခုံကျေးရွာမှ ဆုံရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဆီမီးခုံ-ငါနန်း-ဆုံရွာ ကျေးရွာချင်းဆက်လမ်းမပေါ် ငါနန်းကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm