ထိုင်းနိုင်ငံတွင် အဏုမြူစွမ်းအင်ထုတ်နိုင်ရန် စတင် တိုက်တွန်း
ယနေ့ခေတ်ကမ္ဘာပေါ်တွင် လူသားတို့၏ နေ့စဉ် လုပ်ဆောင်မှုများ၌ AI (ဉာဏ်ရည်တု)အပြင် အိုင်တီ နည်းပညာကဏ္ဍသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့်အတွက် စွမ်းအင်သုံးစွဲမှုသည်လည်း တဖြည်းဖြည်းမြင့်မားလာလျက်ရှိပါသည်။ ယင်းလိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် သဘာဝမှ ထုတ်ယူသည့် စွမ်းအင်များနှင့် လုံလောက်ခြင်း မရှိတော့ဘဲ နျူးကလီးယားကဏ္ဍသည် စွမ်းအင် ထုတ်လုပ်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုဖြစ်သည့် ချာရီအွန် ပိုကာပန်အုပ်စု၏ အကြီးတန်းဥက္ကဋ္ဌ ဒါနင်ချီရာဗန်နွန် က ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်တက္ကသိုလ်၌ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျင်းပသည့် “Chula Thailand Presidents Summit 2025” တွင် “အေအိုင် နှင့်နည်းပညာဖြင့် မောင်းနှင်သော နေ့စဉ်လူနေမှုဘဝသည် လျှပ်စစ်ဓာတ်အားလိုအပ်သောကြောင့် သန့်ရှင်းသော စွမ်းအင်လုပ်ငန်းကို ခေတ်မီစေရန် လုပ်ဆောင်သင့်သည်” ဟု ၎င်းက အလေးအနက် ပြောကြားခဲ့ ပါသည်။
နေရောင်ခြည်၊ လေနှင့်ရေအားလျှပ်စစ်တို့၏ ထုတ်လုပ်မှုမှာ မလုံလောက်ကြောင်းသတိပြုမိပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းသည် နျူကလီးယားစွမ်းအင်ကို အာရုံစိုက်နေကြောင်းနှင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့ကလည်း နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုကို ကြီးကြပ်ရန် ဥပဒေများချမှတ်ထားပြီးဖြစ်သော်လည်း ထိုင်းကမူ မပေးနိုင်သေးကြောင်း ၎င်းကထောက်ပြသွားပါသည်။
ပထဝီဝင်နိုင်ငံရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုတို့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားမှ ထိုင်းစီးပွားရေးသည် ကြီးထွားလာရန် အလားအလာရှိနေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ခရီးသွားလာရေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် သွားလာရေးအဆင်ပြေစေရန်အတွက် အချက်အချာကျသောနေရာဖြစ်ခြင်းကြောင့် အကျပ်အတည်းများကြားတွင် အခွင့် အလမ်းများရှိကြောင်း ၎င်းကဆိုသွားပါသည်။
သို့ဖြစ်ရာ ထိုင်းအစိုးရအနေဖြင့် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို အာရုံစိုက်ပြီး လုပ်ဆောင် ရန်လိုအပ်လာကြောင်း တိုက်တွန်းခဲ့သည့်အပြင် အစိုးရအတွက် ၎င်း၏ လုပ်ငန်းစုမှ လိုအပ်သည့်အရာများကို ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားသွားပါသည်။
ကိုးကား-Myanmar National Post