Honda ၏ လက်အောက်ခံအဖြစ် ကမ်းလှမ်းမှု Nissan သဘောမတူ
Nissan ၏ အစုရှယ်ယာများကိုဝယ်ယူပြီး ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်လာရန် Honda Motor ၏ ကမ်းလှမ်းချက်ကို သဘောမတူကြောင်း Nissan Motor က တုံ့ပြန်ပြောကြားခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။
Nissan ၏ ဥက္ကဋ္ဌ Uchida Makoto သည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် Honda Motor ၏ ဥက္ကဋ္ဌ Mibe Toshihiro နှင့် တွေ့ဆုံခဲ့သည်ဟုယူဆရကြောင်း သတင်းရင်းမြစ် များက ဆိုပါသည်။
Nissan ၏ ဘုတ်အဖွဲ့ဝင်အများအပြားက Honda ၏ ကမ်းလှမ်းမှုကို လက်မခံကြောင်း Uchida က Mibe ကို ပြောကြားခဲ့ပြီး Nissan ဘက်မှ သဘောမတူပါက ပေါင်းစည်းမှုသည် ခက်ခဲမည်ဟု Honda က ပြောဆို ထားပါသည်။
အဆိုပါ ဂျပန်ကားကုမ္ပဏီများသည် ဖက်စပ်မိခင် ကုမ္ပဏီ တစ်ခုထူထောင်ရန် ဒီဇင်ဘာလကတည်းကပင် ဆွေးနွေးနေခဲ့ကြပါသည်။
သို့သော် Honda က သတ်မှတ်ချက်များကို မကြာခင်က ပြောင်းလဲခဲ့ပြီး Nissan ကို လက်အောက်ခံ ကုမ္ပဏီအဖြစ် ထည့်သွင်းရန်အဆိုပြုခဲ့ပြီး Nissan ကလည်း တန်းတူညီတူလက်တွဲဆောင်ရွက်လိုသည့်ဆန္ဒကို အမြဲအလေးပေးပြောကြားလာခဲ့ခြင်းကြောင့် ၎င်းတို့အကြား၌ ကြီးမားသော သဘောထားကွာဟချက် ပေါ်ပေါက်လာခဲ့သည်။
၎င်းကုမ္ပဏီနှစ်ခုသည် စေ့စပ်ညှိနှိုင်းမှုများ ဆက်လုပ်ဆောင်နိုင်ရေးအတွက် ဆုံးဖြတ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ကိုးကား-NHK World