အီရန် ရေနံစည် သန်းချီတင်ပို့နေသည့် နိုင်ငံတကာ ကွန်ရက်ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်

News Image

  • အီရန် ရေနံစည် သန်းချီတင်ပို့နေသည့် နိုင်ငံတကာ ကွန်ရက်ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်

အီရန်နိုင်ငံက ရေနံစည် သန်းချီ၍ တရုတ်နိုင်ငံကို တင်ပို့ရာတွင် အသုံးပြုနေသည့် နိုင်ငံတကာကွန်ရက်များကို ပစ်မှတ်ထားကာ အီရန်ရေနံလုပ်ငန်းအပေါ် အမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါသည်။ 

အီရန် လက်နက်ကိုင်တပ်ဖွဲ့ AFGS အတွက် ရေနံတင်ပို့မှုများကို လုပ်ဆောင်ပေးနေသော Sepehr Energy ကုမ္ပဏီကို ပစ်မှတ်ထားဒဏ်ခတ်ခြင်းဖြစ်ကြောင်း၊ ယခု ဒဏ်ခတ်ခံရသူများတွင် တရုတ်၊ အိန္ဒိယ၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံများမှ လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများ၊ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘော အများအပြားလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အီရန် AFGS အဖွဲ့ ထိန်းချုပ်မှုအောက်ရှိ လည်ပတ်နေသော Sepehr Energy ကုမ္ပဏီနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများမှာ ရေကြောင်းသွားလာမှုများအတွက် လက်မှတ်တုများပြုလုပ်ခြင်း အပါအဝင် လိမ်ညာလှည့်ဖြား၍ တရားမဝင် နည်းလမ်းများ အသုံးပြုကာ ရေနံအမြောက်အမြားကို အီရန်က တင်ပို့ခြင်းကို ဖုံးကွယ်ပြီး တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ကုန်သွယ်ခြင်း လုပ်ဆောင်နေသည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဒေသတွင်း မတည်မငြိမ်ဖြစ်စေသော လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ဟားမတ်စ်၊ ဟူသီ နှင့် ဟစ်ဇ်ဘိုလာ အပါအဝင် ဒေသတွင်း အကြမ်းဖက်အဖွဲ့များစွာကို ထောက်ပံ့ရန်အတွက် ရေနံရောင်းချမှုမှတစ်ဆင့် နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ၍ ရရှိနေသော အီရန်လက်နက်ကိုင် တပ်ဖွဲ့ AFGS သည် ရေနံသယ်ယူတင်ပို့ရောင်းချမှုများ လုပ်ဆောင်ရန် နိုင်ငံခြားအခြေစိုက် ရှေ့တန်းကုမ္ပဏီများနှင့် ပွဲစားများ၏ ကွန်ရက်များကို အသုံးပြုကြပါသည်။ 

ကိုးကား- အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန