မြောင်းမြမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါး ၁၆၅၇၃၈ ဧက ရိတ်သိမ်းပြီးစီး၊ အထွက်နှုန်းများကောင်းမွန်

News Image

  • မြောင်းမြမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါး ၁၆၅၇၃၈ ဧက ရိတ်သိမ်းပြီးစီး၊ အထွက်နှုန်းများကောင်းမွန်

မြောင်းမြ ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၁၆၅၇၃၈ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်ကြောင်း မြောင်းမြမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြောင်းမြမြို့နယ်၌ မိုးစပါး ၁၆၅၇၃၈ ဧကထိ လျာထားစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစပါးခင်းများကို ၂၀၂၄ ခုနှစ်‌ အောက်တိုဘာလက စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၉၆ ဒသမ ၈၆ တင်းထွက်ရှိကြောင်း သိရသည်။

“မိုးသီနှံစိုက်ပျိုးရာသီက မြောင်းမြမြို့နယ်မှာ စပါး ၁၆၅၇၃၈ ဧကထိ လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး မိုးစပါးဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ မိုးစပါးတွေ လျာထားဧကအတိုင်းပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသခံတောင်သူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်”ဟု မြောင်းမြမြို့နယ် စိုက်ပျိုးရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြသည်။

အဆိုပါ မိုးစပါးများကို ဒေသမြေအနေအထား ရာသီဥတုနှင့်ကိုက်ညီသော စပါးအမျိုးအစားများဖြစ်သည့် သီးထပ်ရင်၊ ထိုင်းဘေးကျား၊ GW-1၊ GW11 စသည့် စပါးအမျိုးအစားများကို အများဆုံးစိုက်ပျိုးခဲ့ကြောင်း၊ စပါးသီးနှံများကို အထွက်နှုန်းတိုးတက်အောင်စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုဖူလုံမည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်ရာ ယခုထက် ပိုမိုစိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က ပြောပြ၍ သိရသည်။ 

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ