ဟားမက်အဖွဲ့က ပြန်လွှတ်ပေးလိုက်သည့် ဓားစာခံ ၃ ဦး အစ္စရေးသို့ပြန်လည်ရောက်ရှိ

News Image

  • ဟားမက်အဖွဲ့က ပြန်လွှတ်ပေးလိုက်သည့် ဓားစာခံ ၃ ဦး အစ္စရေးသို့ပြန်လည်ရောက်ရှိ

အစ္စရေးနှင့် ပါလက်စတိုင်း ဟားမက်အဖွဲ့တို့ကြား ချမှတ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟားမက်အဖွဲ့က ပြန်လွှတ်ပေးလိုက်သည့် ဓားစာခံ၃ ဦးမှာ ဖေဖော်ဝါရီလ ၁၅ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း အစ္စရေးတပ်မတော်က ထုတ်ပြန်သည်။

ဟားမက်အဖွဲ့သည် အဆိုပါဓားစာခံများအား ဖေဖော်ဝါရီလ ၁၅ ရက်အစောပိုင်းတွင် ပြန်လွှတ်ပေး လိုက်ခြင်းဖြစ်ပြီး ၎င်းဓားစာခံများတွင် အသက် ၂၉ နှစ်အရွယ် အစ္စရေး-ရုရှားနိုင်ငံသားတစ်ဦး၊ အသက် ၃၆ နှစ်အရွယ် အစ္စရေး-အမေရိကန်နိုင်ငံသားတစ်ဦးနှင့် အသက် ၄၆ နှစ်အရွယ်ရှိ အစ္စရေး-အာဂျင်တီးနား နိုင်ငံသားတစ်ဦးတို့ပါဝင်ကြောင်းသိရသည်။

ဟားမက်အဖွဲ့သည်  ၎င်းတို့အား ၂၀၂၃  ခုနှစ်အောက်တိုဘာလ ၇  ရက်တွင်    အစ္စရေးနိုင်ငံတောင်ပိုင်း၌ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ပြန်လွှတ်ပေးလိုက်သည့် ဓားစာခံများအား ကနဦးဆေးစစ်မှုများလုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးတပ်မတော်က ထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ချိုးဖောက်သည်ဟု ဟားမက်အဖွဲ့က စွပ်စွဲပြီးနောက် ၎င်းတို့ထိန်းသိမ်းထားသည့် ဓားစာခံများပြန်လွှတ်မှုကို   ရွှေ့ဆိုင်းမည်ဟု  ကနဦးတွင် ရည်ရွယ်ခဲ့သော်လည်း အကျဉ်းသားလဲလှယ်မည့် အစီအစဉ်ကို စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: RT, Xinhua

Source: Myawady Web Portal