အာဖဂန်နစ္စတန်နယ်စပ်အနီး၌ စစ်သွေးကြွ (၃၀) ဦးကို သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ် သတင်းထုတ်ပြန်

News Image

  • အာဖဂန်နစ္စတန်နယ်စပ်အနီး၌ စစ်သွေးကြွ (၃၀) ဦးကို သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ် သတင်းထုတ်ပြန်

အာဖဂန်နစ္စတန်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်အနီးမှ South Waziristan ခရိုင်တွင် အစွန်းရောက် စစ်သွေးကြွ ၃၀ ဦး ကို သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဖေဖော်ဝါရီလ ၁၈ ရက်၌ သတင်းထုတ်ပြန်ခဲ့ပါသည်။ အစွန်းရောက် စစ်သွေးကြွများ၏ အဓိကနယ်မြေဖြစ်သည့် South Waziristan ခရိုင်သည် သတင်းထောက်နှင့် လူ့အခွင့်အရေးအဖွဲ့များ သွားရောက်ရန်အတွက် မလွယ်ကူခြင်းကြောင့် အချက်အလက်များကို တိတိကျကျ စစ်ဆေးရန် ခက်ခဲသည်ဟုလည်း သိရပါသည်။

အစွန်းရောက်စစ်သွေးကြွအဖွဲ့များသည် အစိုးရကိုဖြုတ်ချပြီး တင်းကျပ်သည့် အုပ်ချုပ်မှုစနစ်ကို အစားထိုးရန်အတွက် ပါကစ္စတန်နိုင်ငံအတွင်း၌ တိုက်ပွဲများဆင်နွှဲနေခြင်းဖြစ်သည်ဟုလည်း သိရပါသည်။ သို့သော်လည်း ပါကစ္စတန်စစ်တပ်သည် စစ်သွေးကြွများအကြောင်းနှင့် မည်သည့်အဖွဲ့ က စစ်သွေးကြွများဖြစ်သည်ဟူသော နောက်ထပ်အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိကြောင်း သိရပါသည်။ အစွန်းရောက်စစ်သွေးကြွများသည်  ၂၀၂၂ ခုနှစ်တွင် ပါကစ္စတန်အစိုးရ နှင့်အပစ်အခတ်ရပ်စဲရေးကို ရုတ်သိမ်းပြီးနောက်ပိုင်း စစ်တပ်၏ အခြေစိုက်စခန်းများကို ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ထို့အပြင် အစွန်းရောက်စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ လေ့ကျင့်ရေးစခန်းများဖွင့်လှစ်ပြီး ပါကစ္စတန်နိုင်ငံအတွင်းတွင် တိုက်ခိုက်ရန် စီစဉ်နေကြောင်း ပါကစ္စတန်အစိုးရက စွပ်စွဲပြောဆိုထားသော်လည်း အာဖဂန်နစ္စတန်အစိုးရက အဆိုပါပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားသည်ဟု သိရပါသည်။

ကိုးကား-NP News

Photo: Al Arabiya