(၉) ကြိမ်မြောက် ET NOW Global Business Summit 2025 အခမ်းအနားတွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် ခေါင်းစဉ် (၂)ခုဖြင့် ပါဝင် ဆွေးနွေး
(၉) ကြိမ်မြောက် ET NOW Global Business Summit 2025 အခမ်းအနားတွင် မြန်မာနိုင်ငံမှ Myanmar – India Trade Partnership: Unlocking New Avenues for Growth ခေါင်းစဉ်၊ Global Cooperation in a Polarized World ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် Panelist အဖြစ် ပါဝင်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားကို အိန္ဒိယ နိုင်ငံရှိ မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် The Times Group က ဦးစီး၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းတို့နှင့်အတူ မြန်မာသံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အခမ်းအနားကို ဖွံ့ဖြိုးတိုးတက်မှု၊ ထင်ပေါ် ကျော်ကြားလာမှုနှင့်နယ်ပယ်ချဲ့ထွင်မှု (Evolve, Emerge, Expand) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ဧည့်သည်တော်အကြီးအကဲအဖြစ်ပါဝင် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှစီးပွားရေးဆိုင်ရာဝန်ကြီးများ၊ အရာရှိကြီးများ၊ သီရိလင်္ကာနှင့် အယ်လ် ဘေးနီးယားနိုင်ငံတို့မှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ထင်ပေါ်ကျော်ကြားသော ဆွေးနွေးပြောကြားသူ (၂၀၀၀) ကျော်နှင့်နိုင်ငံပေါင်း (၅၀) ခန့်မှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း (၄) သောင်းကျော်ပါဝင်တက်ရောက်ခဲ့ကြပြီး စီးပွားရေး အကြပ်အတည်း ကာလအတွင်း ကြံ့ကြံ့ခိုင်ဆောင်ရွက်နိုင်မှုမှစ၍ စက်မှုလုပ်ငန်း ၅.၀ ပေါ်ထွက်လာမှု၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးမူ ဝါဒပြောင်းလဲမှုများ၊ စွမ်းအင်လုံခြုံရေး၊ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများနှင့် ယဉ်ကျေးမှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့၏ အရေးပါမှု အပါအဝင်ကဏ္ဍစုံဆွေးနွေးပြောကြားမှုများပါဝင်ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက Myanmar – India Trade Partnership: Unlocking New Avenues for Growth ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Global Cooperation in a Polarized World ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် Panelist အဖြစ်လည်းကောင်း ပါဝင်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
Source: Popular Myanmar