ပြင်သစ်စစ်အခြေစိုက်စခန်းကို အိုင်ဗရီကို့စ် စစ်တပ်ထံသို့ လွှဲပြောင်းပေးအပ်
ပြင်သစ်သည် Cote d’Ivoire (အိုင်ဗရီကိုစ့်) ရှိ ၎င်း၏ တစ်ခုတည်းသော စစ်အခြေစိုက်စခန်းကို ယင်းနိုင်ငံ၏ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။ အိုင်ဗရီကိုစ့်သမ္မတ Alassane Ouattara က ပြင်သစ်စစ်တပ်များ ရုပ်သိမ်းမည်ဟု ကြေညာပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ယခင်ကိုလိုနီနိုင်ငံများက ပြင်သစ်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး များကို ဖြတ်တောက်လိုက်သည့် ဒေသတွင်းလားရာတစ်ခု ဖြစ်သည်။
မြို့တော် Abidjan အနီးရှိ Port-Bouet စစ်အခြေစိုက်စခန်းသည် ယခင် က 43rd French Marine Infantry Battalion (43e BIMa) ကို လက်ခံကျင်းပခဲ့သည်။ ၎င်းကို အိုင်ဗရီကိုစ့်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခြင်းအား ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အခမ်းအနားဖြင့်ဆောင်ရွက်ခဲ့ပြီး ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu က အိုင်ဗရီကိုစ့် ကာကွယ်ရေးဝန်ကြီး Tene Birahima Ouattara ထံသို့ ပေးအပ်ခဲ့သည်။
အာဖရိကနိုင်ငံရှိ ပြင်သစ်မစ်ရှင်က X တွင် အဆိုပါလုပ်ဆောင်ချက်ကို “ပြင်သစ်-အိုင်ဗရီကိုစ့်ပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းဝင် အခိုက်အတန့်” ဟု ဖော်ပြခဲ့သည်။
AFP သတင်းဌာနက Abidjan ရှိ ပြင်သစ်ကာကွယ်ရေးဌာနမှ Colonel Damien Mireval ၏ပြောကြားချက်ကို ကိုးကားပြီး “အဆိုပါစခန်းကို အိုင်ဗရီကိုစ့်စစ်တပ်ထံ ပြန်လည်ပေးအပ်ခြင်းသည် အလွန်ကောင်းမွန်သော ပြယုဂ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး သဟဇာတရှိမှု၊ ရင့်ကျက်မှု တို့ဖြင့် ပြုလုပ်ခဲ့သည်” ဟု ဖော်ပြခဲ့သည်။
အဆိုပါစခန်းကို အိုင်ဗရီကိုစ့်စစ်တပ်၏ ပထမဆုံးစစ်ဦးစီးချုပ် Thomas Aquinas Ouattara ၏ အမည်ကို အစွဲပြု၍ အမည်ပေးအပ်မည်ဟု သတင်းများအရသိရသည်။
ကိုးကား-RT