ပိတ်ဆို့အရေးယူမှုများက ရုရှား၏စီးပွားရေး အလားအလာကို ပိုမို အားကောင်းလာစေခဲ့သည်ဟု ပူတင်ပြော

News Image

  • ပိတ်ဆို့အရေးယူမှုများက ရုရှား၏စီးပွားရေး အလားအလာကို ပိုမို အားကောင်းလာစေခဲ့သည်ဟု ပူတင်ပြော

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ရုရှား၏စီးပွားရေးနှင့် နည်းပညာကဏ္ဍများကို မထင်မှတ်ဘဲ အားကောင်းလာစေခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင်က မော်စကိုမြို့၌ ကျင်းပသည့် အနာဂတ် နည်းပညာ ဖိုရမ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် အနောက်နိုင်ငံများမှကုမ္ပဏီများ ပြန်လည်ဝင်ရောက်လာနိုင်သည့်အလားအလာကို ပြည်တွင်းကုမ္ပဏီများ ကာကွယ်နိုင်ရန်အတွက် သေချာစွာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရန် လိုအပ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြား ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့သည် မော်စကို နှင့် ကိယက်ဗ်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါက အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ပေးနိုင်ကြောင်း မကြာသေးမီကပြသခဲ့သည်။ ထိုအချက်သည် ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားမှထွက်ခွာသွားခဲ့သည့် ကုမ္ပဏီများ ပြန်လည်ဝင်ရောက် လာနိုင်သည့် အလားအလာကိုမြင့်တက်စေခဲ့သည်။

ထို့အပြင်ကန့်သတ်မှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် သိပ္ပံ ပညာကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနီးကပ်စေခဲ့ကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ် ဒီနစ်မန်တူရိုဗ် ကဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရုရှားအတွက် အကျိုးစီးပွားရှိသည့် ကုမ္ပဏီ များကိုသာ ပြန်လည်ခွင့်ပြုမည်ဟုပြောကြားခဲ့သည်။ EU နှင့် အမေရိကန်တို့သည် ပိတ်ဆို့အရေးယူမှုများစွာကို လုပ်ဆောင်နေစဉ် ရုရှားသည် ၎င်း၏ အများပြည်သူပိုင်ဝယ်ယူမှုစနစ်နှင့် လုပ်ငန်း ထောက်ပံ့မှုများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အပြောင်းအလဲများကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒီနစ်မန်တူရိုဗ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အနာဂတ်နည်းပညာဖိုရမ်တွင် ပူတင်က ပြည်တွင်းထုတ်လုပ်သူများအတွက် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ရန်အတွက် ရုရှားလုပ်ငန်းများနှင့် ၎င်းတို့၏ နိုင်ငံခြားပြိုင်ဘက်များအကြား ပြန်လည်ဆက်ဆံရေးကိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ရန် မူဝါဒတစ်ခုဖော်ဆောင်ရန် အစိုးရအားညွှန်ကြားခဲ့သည်။ ပြည်တွင်းထုတ်လုပ်သူများအတွက် ကောင်းမွန်သော အခြေအနေများကို သေချာစေရန်လိုအပ်သည့်အတွက် အဆိုပါ လုပ်ငန်းစဉ်ကို ဂရုတစိုက်ဆောင်ရွက်သင့်ကြောင်း ပူတင်က အလေးထား ပြောကြားခဲ့သည်။

ကိုးကား-RT