ဝန်ထမ်းအရေအတွက် ၅% မှ ၈% အထိ လျှော့ချမည်ဖြစ်ကြောင်း ပင်တဂွန် ထုတ်ပြန်

News Image

  • ဝန်ထမ်းအရေအတွက် ၅% မှ ၈% အထိ လျှော့ချမည်ဖြစ်ကြောင်း ပင်တဂွန် ထုတ်ပြန်

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် အလုပ်ခန့်အပ်မှုများကို ယာယီရပ်ဆိုင်း ထားမည်ဖြစ်ပြီး ဝန်ကြီးဌာနရှိ အရပ်သားဝန်ထမ်း ၉၅၀,၀၀၀ ခန့်အနက် ၅% မှ ၈% အထိ လျှော့ချသွားမည်ဖြစ်ကြောင်း၊ ပထမဆုံးအနေဖြင့် “အရေးကြီးလုပ်ငန်းတာဝန်” များတွင် မပါဝင်သော အစမ်းခန့်ဝန်ထမ်း ၅,၄၀၀ ဦးကို လာမည့်အပတ်တွင် အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ပင်တဂွန် က ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အစမ်းခန့်ဝန်ထမ်း ၅၅,၀၀၀ ဦးရှိသည့်အနက်မှ ရာခိုင်နှုန်းအနည်းသာ လျှော့ချခြင်းဖြစ်သော်လည်း အရပ်သားဝန်ထမ်းအင်အား အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်ကာ နောက်ဆုံးတွင် စုစုပေါင်း ဝန်ထမ်းဦးရေ ၄၇,၄၀၀ မှ ၇၆,၀၀၀ အထိ လျှော့ချနိုင်မည်ဟု ခန့်မှန်း ထားသည်။ 

ပင်တဂွန်စစ်ဌာနချုပ်သည် အစိုးရ၏အကြီးဆုံးဌာနဖြစ်ပြီး ၎င်း၏ အရပ်သားဝန်ထမ်းအရေအတွက်ကို လျှော့ချခြင်းဖြင့် အစိုးရ အသုံးစရိတ်များကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အဆိုပါဝန်ထမ်းအရေအတွက် လျှော့ချရေးအစီအစဉ်သည် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ဦးစားပေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်၏ အစိုးရစွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (Department of Government Efficiency) ၏ ကြိုးပမ်းဆောင်ရွက်မှုများလည်း ဖြစ်သည်။

ကိုးကား -CNN