မဟာဗျူဟာအရ အရေးပါသည့် စီမံကိန်းလုပ်ငန်းများတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်မည့်အမိန့်တစ်ရပ်ကို ထရမ့် ထုတ်ပြန်
အမေရိကန်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စိစစ်ရေးကော်မတီ (CFIUS) အနေဖြင့် နိုင်ငံအကျိုးစီးပွားအတွက် အရေးပါသည့်ကဏ္ဍများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ဆောင်ရွက်မည့် အမိန့်တစ်ရပ်ကို ထရမ့်က ဖေဖော်ဝါရီ ၂၁ ရက်တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော် က ပြောကြားထားသည်။
ထရမ့်အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို တရုတ်နိုင်ငံကဲ့သို့သော ပြိုင်ဘက်နိုင်ငံများ၏ ခြိမ်းခြောက်မှု အန္တရာယ်မှ ကာကွယ်ရန် အဆိုပါအမိန့်အား ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
အဆိုပါအမိန့်အရ အမေရိကန်သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် အချက်အလက်များကို တရုတ်ကဲ့သို့သော နိုင်ငံများ၏ ခိုးယူခြင်းမှ ကာကွယ်ရန် ဥပဒေ၊ စည်းမျဉ်းသစ်များ ချမှတ်သွားမည် ဖြစ်ပြီး အမေရိကန်အကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုများကိုသာ ခွင့်ပြုသွားမည်ဖြစ်သည်။
ထရမ့်အစိုးရအဖွဲ့အနေဖြင့် ဆီမီးကွန်ဒတ်တာ၊ ဉာဏ်ရည်တု၊ quantum၊ ဇီဝနည်းပညာ၊ အာကာသ စသည့် နည်းပညာကဏ္ဍများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအတွင်း အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကန့်သတ်ရန် စဉ်းစားသွားမည်ဟု ဆိုသည်။
အမေရိကန်သည် စီးပွားရေးကိစ္စရပ်များကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုခြင်းကို ရပ်တန့်သင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပြီး တရုတ်ဘက်ကလည်း အခြေအနေကို စောင့်ကြည့်ကာ ၎င်းတို့၏ တရားဝင်အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သည့် အစီအမံများ ချမှတ်သွားမည်ဟု ဆိုသည်။
ကိုးကား -Reuters