ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၁၁၃ သန်းခန့် တန်ဖိုးရှိ လေကြောင်းကာကွယ်ရေး စနစ်များ ပေးပို့ရန် ဆွီဒင်စီစဉ်
ဆွီဒင်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ ခရိုနာ ၁ ဒသမ၂ ဘီလီယံ (ဒေါ်လာ ၁၁၃ သန်းခန့်) တန်ဖိုးရှိ လေကြောင်းကာကွယ်ရေးစနစ်များကို ပေးပို့သွားရန် စီစဉ်လျက်ရှိသည်ဟု ဆွီဒင်ကာကွယ်ရေးဝန်ကြီး မယ်မာ စတန်းနာ့ဂါ့က ပြောကြားသည်။
ယူကရိန်းနိုင်ငံသည် လေကြောင်း ကာကွယ်ရေးစနစ်များကို အရေးတကြီး လိုအပ်နေပြီး ယင်းနိုင်ငံသို့ လေကြောင်းကာကွယ်ရေး လက်နက်စနစ်များ ပေးပို့ခြင်းသည် မိမိတို့နိုင်ငံ၏ လုံခြုံရေးကိုလည်း အထောက်အကူပြုကြောင်း ဆွီဒင်ဝန်ကြီးချုပ် အက်ကရစ်တာဆန်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မယ်မာ စတန်းနာ့ဂါ့က ဆက်ပြောသည်။
လက်ရှိတွင် ယူကရိန်းနိုင်ငံသို့ အကူအညီများ ဆက်လက်ပေးအပ်ရေးအတွက် သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေစဉ် ဆွီဒင်နိုင်ငံ၏ လေကြောင်းကာကွယ်ရေး စနစ်များ ပေးပို့မည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ယူကရိန်းသို့ ဥရောပငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် အများအပြား စေလွှတ်ရန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က စီစဉ်လျက်ရှိပြီး ယင်းအစီအစဉ်အား ဂျာမနီ၊ အီတလီနှင့် အခြားနိုင်ငံများက ဆန့်ကျင်ထားသည်။
အလားတူပင် ကနေဒါအစိုးရသည် ယူကရိန်းနိုင်ငံသို့ ခြေလျင်တိုက်ယာဉ်များ အပါအဝင် ဒေါ်လာ ၃ ဒသမ ၅၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်များကို ပေးအပ်မည်ဟု ကတိပြုထားသည်။
Source: Myawady Web Portal