ဇလွန်မြို့နယ်တွင် ဒေသထွက် ပဲတီစီမ်းများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • ဇလွန်မြို့နယ်တွင် ဒေသထွက် ပဲတီစီမ်းများ အရောင်းအဝယ်ကောင်းမွန်နေ

ဇလွန်   ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ပဲတီစိမ်းများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်မှ ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။

ဇလွန်မြို့နယ်တွင် ဖေဖော်ဝါရီလဒုတိယပတ်မှစတင်ပြီး ယနေ့ထိ ပဲတီစိမ်းများ ဝယ်ယူမှုကောင်းပြီး၊ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ပဲတီစိမ်းများ ဝယ်ယူမှုကောင်းလာခြင်းသည် ဒေသထွက် ပဲတီစိမ်းများကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူမှုကောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“ဒေသထွက်ကုန် ပဲတီစိမ်းတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ အဝယ်လိုက်နေပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်ကတည်းလောက်ကနေပြီး သိသိသာသာကို အဝယ်လိုက်နေတာဖြစ်ပါတယ်။ ဒေသထွက်ပဲတီစိမ်းတွေကို ရန်ကုန် ဈေးကွက်က အဝယ်လိုက်နေပါတယ်” ဟု ဇလွန်မြို့နယ်မှ ပဲအမျိုးမျိုးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။

ဇလွန်မြို့နယ်တွင် ပဲတီစိမ်း ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၇၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပြီး ပဲတီစိမ်းအပြင် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲထောပတ်၊ ပဲလွမ်းဖြူစသည့် ရာသီထွက်ကုန်များကို တင်ပို့ရောင်းချနေကြောင်း ပဲအမျိုးမျိုး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းထံမှ သိရသည်။ 

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ