ဥရောပမှ တင်သွင်းကုန်များကို လာမည့် ဧပြီ ၂ ရက်မှ စတင်၍ အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထရမ့်ကြေညာ
ဥရောပက တင်သွင်းလာသည့် ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်သော အမေရိကန် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်ပါသည်။
ဥရောပက အခွင့်အရေးယူနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ဥရောပက အမေရိကန်ကို တင်ပို့လာသည့် သွင်းကုန်များအပေါ်အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ကနဦးတွင် လာမည့်ဧပြီ ၁ ရက်နေ့ကစတင်ပြီး စည်းကြပ်ရန်ဖြစ်သော်လည်း ဧပြီ ၂ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ယေဘုယျအားဖြင့် မော်တော်ကားနှင့် အခြားသွင်းကုန်အများအပြား ပါဝင်ပါကြောင်း၊ သွင်းကုန်အားလုံးကို စည်းကြပ်မည် မဟုတ်သော်လည်း အများအပြားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အံ့ဩဖွယ်ရာ ထူးခြားချက်များကို တွေ့မြင်ရလိမ့်မည်ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားထားပါသည်။
“အမေရိကန်၏ ကုန်သွယ်မှုလိုငွေပြနေသည့် နိုင်ငံတိုင်းကို တန်ပြန် အခွန်စည်းကြပ်မည်” ဟု ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ကြေညာထားပါသည်။ အမေရိကန်က တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တန်ဖိုးဖြည့်ခွန် (VAT) သတ်မှတ်ကောက်ခံမည့် နိုင်ငံတိုင်းကိုလည်း မိမိအစီအစဉ်အတိုင်း အပြစ်ပေး ဒဏ်ခတ်သွားရန် စဉ်းစားထားကြောင်း ထရမ့်က ဆိုထားပါသည်။
ကိုးကား- The Times
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃