PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ သက်ရင်းတောကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်(၅၂)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝန်းဇင်း ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရာအိမ်မှူး ဦးဇော်မင်းဦး(၅၀)နှစ်သည် အဆိုပါရပ်ကွက်ရှိ “ဦးရှမ်းကြီး” လက်ဖက်ရည်ဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးဇော်မင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။