မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

  • ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မျိုးမင်းဦးအား သတင်းအရရှာဖွေရာ ၎င်းထုတ်ယူသည့် ပါဆယ်ထုတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၉၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၄၅ မိနစ်၌ ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အေးလွင်အား ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် မျိုးမင်းဦး(၄၂)နှစ်နှင့် အေးလွင်(၄၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် မုန်းမုန်း(ခ)ဇော်ဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် သိန်း ၁,၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂,၆၄၀) သိမ်းဆည်း ရမိခဲ့သဖြင့် မုန်းမုန်း(ခ)ဇော်ဦး(၃၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm