အကျဉ်းချခံထားရသည့် ကာ့ဒ် စစ်သွေးကြွခေါင်းဆောင်က ၎င်း၏ အဖွဲ့ ကို ဖျက်သိမ်းရန် တောင်းဆို

News Image

  • အကျဉ်းချခံထားရသည့် ကာ့ဒ် စစ်သွေးကြွခေါင်းဆောင်က ၎င်း၏ အဖွဲ့ ကို ဖျက်သိမ်းရန် တောင်းဆို

တူရကီ၌ အကျဉ်းချခံထားရသော ကာ့ဒ် စစ်သွေးကြွခေါင်းဆောင် တစ်ဦး က ၎င်း၏ Kurdistan Workers' Party ကို လက်နက် ဖြုတ်သိမ်းပြီး ဖျက်သိမ်းရန် တောင်းဆိုလိုက်ပါသည်။

PKK ဟု လူသိများသည့် အဆိုပါ ပါတီသည် လွတ်လပ်ရေးအတွက် တူရကီ အစိုးရကို ၁၉၈၄ ခုနှစ်မှစတင်ကာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ ကို တူရကီအစိုးရနှင့် နိုင်ငံအချို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

ထောင် ၂၆ နှစ် ချခံထားရသည့် PKK ခေါင်းဆောင် Abdullah Ocalan က ၎င်း၏အပေါင်းအပါများမှတစ်ဆင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အဖွဲ့အားလုံးလက်နက်ချရမည် ဖြစ်ပြီး PKK ကိုလည်း ဖျက်သိမ်းရမည်ဟု ဆိုထားပါသည်။

၎င်းအနေဖြင့် လွန်ခဲ့သော ၁၀ နှစ်က အလားတူတောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း လက်တွေ့ဖြစ်မလာခဲ့ပေ။ တူရကီအစိုးရက အကြမ်းဖက် ဝါဒတိုက်ဖျက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းအဖွဲ့အပေါ် ဖိအားပေးမှု များ အရှိန်မြှင့်လုပ်ဆောင်နေခဲ့သည်။

PKK လက်နက်ဖြုတ်သိမ်းရေးနှင့် ဖျက်သိမ်းရေးတောင်းဆိုချက် အကောင်အထည်ပေါ်လာပါက နှစ်ပေါင်း ၄၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ သည် အဓိကကျသော အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။

သို့သော် Ocalan ၏ တောင်းဆိုမှုသည် PKK နှင့်သာ သက်ဆိုင်ပြီး “ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့နှင့်မသက်ဆိုင်ကြောင်း” ပြောကြားခဲ့သည်ဟု ဆီးရီးယားရှိ ကာ့ဒ် ဦးဆောင်သည့်တပ်ဖွဲ့များ၏ တပ်မှူး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ကိုးကား-NHK World

Photo: The Times of Israel

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂