အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြား ထိုင်းဗဟိုဘဏ်က အတိုးနှုန်း လျှော့ချ
ထိုင်းဗဟိုဘဏ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်စည်းမျဉ်းများကြောင့် ဘဏ်အတိုးနှုန်းကို ၂.၅ ရာခိုင်နှုန်း လျှော့ချထားရာမှ ၂ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချလိုက်ကြောင်းနှင့် အဆိုပါ အတိုးနှုန်းလျှော့ချမှုသည် လေးလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း NHK သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။ မူဝါဒချမှတ်သူများက ထိုင်းနိုင်ငံ၏စီးပွားရေးသည် အဓိကစီးပွားရေး အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် စိုးရိမ်ခြေအမှတ်သို့ တဖြည်းဖြည်းဦးတည်လာနေသည် ဟု ထိုင်းဗဟိုဘဏ်က ပြောဆိုခဲ့ပြီး ယင်းသို့ ပြောဆိုမှုသည် အမေရိကန်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးလာနိုင်ကြောင်းကိုလည်း ဗဟိုဘဏ်က ခန့်မှန်းပြောကြားထားသည်။ အထူးသဖြင့် မော်တော်ကားနှင့် ရေနံဓာတုပစ္စည်းများ ထုတ်လုပ်သည့် ထိုင်းလုပ်ငန်းရှင်များသည် သွင်းကုန်ပစ္စည်းများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် ခက်ခက်ခဲခဲရုန်းကန်နေရသောကြောင့် ဖြစ်သည်။
နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်ဦးဆောင်သူများက အတိုးနှုန်းလျှော့ချရန် တောင်းဆိုသံများ ကျယ်လောင်လျက်ရှိသော်လည်း ထိုင်းဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းလျှော့ချရေးကို အထူးဂရုပြုလုပ်ဆောင်လျက်ရှိသည်။
အခြားအာရှနှင့် ပစိဖိတ်ဒေသများရှိဗဟိုဘဏ်များကလည်း အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုအပေါ် စိုးရိမ် ပူပန်မှုများ မြင့်တက်လာမှုနှင့် ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်နိုင်ရန် အတိုးနှုန်းလျှော့ချမှုများကို လုပ်ဆောင်လျက် ရှိကြောင်း NHK သတင်းစာမျက်နှာတွင်ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World