တရုတ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်အားလုံးကို လာမည့် သီတင်းပတ်တွင် အခွန် ၂၀ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ထရမ့်ပြောကြား
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်အားလုံးကို အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံသွားမည့်အပြင် ၂၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့် ကောက်ခံသွားရန်စီစဉ်လျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဤသည်မှာ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာရှိသည့် နှစ်နိုင်ငံကုန်သွယ်မှုကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်ပြီး ထရမ့်အနေဖြင့် ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ရေးသားခြင်းများ လုပ်ဆောင်ခြင်းဖြင့် တရုတ်နှင့် စီးပွားရေး ပြိုင်ဆိုင်မှုတွင် ရှယ်ယာများ သိသိသာသာ တိုးလာစေသည့်အပြင် ပြုပြင်ပြောင်းလဲမှု အသွင်သဏ္ဍာန်ကိုလည်း ပြသရာရောက်စေပါသည်။ ထို့အပြင် တရုတ်၏ fentanyl ဆေးဝါးကုန်သွယ်မှုကို ထိန်းချုပ်လိုက်ခြင်းပင်ဖြစ်သည်။
Fentanyl ဆေးဝါးပုံစံဖြင့်ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများအများစုကို တရုတ်နိုင်ငံက ထုတ်လုပ်ပြီး ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း၊ အဆိုပါဆေးဝါး ထုတ်လုပ်တင်သွင်းမှုများ ရပ်တန့်သွားသည်အထိ သို့မဟုတ် ထိထိ ရောက်ရောက် ကန့်သတ်ထိန်းချုပ်နိုင်သည်အထိ ရည်မှန်း၍ သွင်းကုန်စည်းကြပ်မှုကို မတ်လ ၄ ရက်တွင် စတင် ကျင့်သုံးရန် စီစဉ်ထားရှိကြောင်း၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ်ပြီး မတ်လ ၄ ရက်(အင်္ဂါနေ့)တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ကုန်သွယ်ဖက် နိုင်ငံအားလုံးသို့ အပြန်အလှန်အခွန်စည်းကြပ်ခြင်းကို ဧပြီလ ၂ ရက်တွင် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ထရမ့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာစာမျက်နှာတွင် ထုတ်ဖော်ရေးသားခဲ့သည်။
ကိုးကား-South China Morning Post