မြောက်ကိုရီးယားက မဟာဗျူဟာမြောက် တာဝေးပစ်အဝေးထိန်း အနိမ့်ပျံအမျိုးအစား (Cruise missile) စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်

News Image

  • မြောက်ကိုရီးယားက မဟာဗျူဟာမြောက် တာဝေးပစ်အဝေးထိန်း အနိမ့်ပျံအမျိုးအစား (Cruise missile) စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းတွင် မဟာဗျူဟာမြောက် တာဝေးပစ်အဝေးထိန်း အနိမ့်ပျံ အမျိုးအစား (Cruise missile) စမ်းသပ်ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင် လုပ်ဆောင်ခဲ့ကြောင်းနှင့် အဆိုပါလေ့ကျင့်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံဖြစ်သည့် Korean Central Television က ထုတ်ပြန် ကြေညာခဲ့ပါသည်။ 

အဆိုပါ Missile များသည် ကီလိုမီတာ ၁၅၈၇ အကွာအဝေးကို ဘဲဥပုံလမ်းကြောင်းအတိုင်း ၂ နာရီ ကျော်ကြာ ပျံသန်းပြီးနောက် ပစ်မှတ်များကိုထိမှန်ခဲ့ကြောင်း၊ ယခုစမ်းသပ်မှုသည် နျူကလီးယား လက်နက်တားဆီးရေးအတွက် ယုံကြည်စိတ်ချနိုင်စွမ်းနှင့် လက်နက်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် လေ့လာစမ်းသပ်ရန်နှင့် မြောက်ကိုရီးယား၏ စွမ်းရည်ကို ပြသရန်အတွက် “စစ်တားဆီးရေး” တာဝန်တစ်ရပ် ဖြစ်ကြောင်းနှင့် အားထားရသည့် နျူကလီးယားအကာအကွယ်ကိုရယူကာ နိုင်ငံ၏အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နိုင်ငံတော်လုံခြုံရေးကို အစဉ်ကာကွယ်နိုင်ရန်မှာ မြောက်ကိုရီးယား နျူကလီးယားတပ်ဖွဲ့များ၏ ရည်မှန်းချက် တာဝန်ဖြစ်ကြောင်း ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကား၍ Korean Central Television က ထုတ်ပြန် ကြေညာခဲ့ပါသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် လာမည့်လတွင် ပြုလုပ်မည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြုံယမ်း၏ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများအပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Cruise missiles များကို မြောက်ကိုရီးယားက ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ပင်လယ်ဝါအတွင်းသို့ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ဖေဖော်ဝါရီလ ၂၈ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း NHK သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄