TikTok သည် လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်
TikTok သည် လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၈.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း၊ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံ၊ လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အွန်လိုင်း လုံခြုံရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း TikTok ၏ အကြီးတန်းအမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ByteDance ပိုင်ဆိုင်သည့် Social Platform သည် Amazon၊ Google နှင့် Microsoft တို့ပြီးနောက် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏမြင့်မားသည့် နည်းပညာကုမ္ပဏီကြီးဖြစ်သည်။
TikTok ၏ လူမှုမူဝါဒ ဒုတိယဥက္ကဋ္ဌ Helena Lersch သည် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအား ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် Paetongtarn က ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံနှင့် AI ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံအတွက် အဓိကအခွင့်အလမ်းတစ်ခုအဖြစ် ဂုဏ်ပြုခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် စီးပွားရေးလုပ်ငန်းများနှင့် ဖန်တီးသူများအတွက် လေ့ကျင့်ရေးအစီအစဉ်များ၊ လိမ်လည်မှုတိုက်ဖျက်ရေး လှုပ်ရှားမှုများနှင့် ဒေသတွင်း Cloud စွမ်းဆောင်ရည်များကိုမြှင့်တင်ရန် ဒေတာ လက်ခံသည့် ၀န်ဆောင်မှုအသစ်တစ်ခု ပါဝင်သည်။
အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော ထိုင်းနိုင်ငံ သည် နည်းပညာကဏ္ဍတွင် စင်ကာပူနှင့် အင်ဒိုနီးရှားတို့နောက်တွင် ကျန်ရှိနေပြီး နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အစီအမံများအား ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂