တရုတ်(တိုင်ပေ) ချစ်ပ်ကုမ္ပဏီကြီးက အမေရိကန်တွင် အမေရိကန် ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

News Image

  • တရုတ်(တိုင်ပေ) ချစ်ပ်ကုမ္ပဏီကြီးက အမေရိကန်တွင် အမေရိကန် ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

တရုတ် (တိုင်ပေ) ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကြီး TSMC ၏ အမေရိကန် တွင် အမေရိကန်ဒေါ်လာ ၁၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်အစီအစဉ်သည် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်  အခိုက်အတန့် တစ်ခုဖြစ်ကြောင်း တရုတ် (တိုင်ပေ)သမ္မတလိုင်ချန်တေးက မတ်လ ၆ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံခြားထုတ်ချစ်ပ်များပေါ်တွင် အခွန်စည်းကြပ်မှုလုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်ခဲ့ပြီးနောက် Apple နှင့် Nvidia ကုမ္ပဏီတို့ကို ၎င်း၏ ဖောက်သည်များကြားတွင် ထည့်သွင်းရေတွက်သည့် TSMC ကုမ္ပဏီ သည် အဆိုပါအစီအစဉ်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် TSMC ကုမ္ပဏီ၏ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၆၅ ဘီလီယံအထိ ရှိလာမည်ဖြစ်ပြီး အမေရိကန် သမိုင်းတွင် အကြီးမားဆုံးနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း TSMC ကပြောကြားခဲ့သည်။ TSMC ကုမ္ပဏီ၏စီအီးအိုဖြစ်သူ C.C. Wei နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တရုတ် (တိုင်ပေ) သမ္မတ လိုင်ချန်တေးသည် တရုတ်(တိုင်ပေ)-အမေရိကန်ဆက်ဆံရေးအတွက် သမိုင်းဝင် အခိုက်အတန့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တရုတ်(တိုင်ပေ)သည် အမေရိကန်ချစ်ပ်လုပ်ငန်းကို ခိုးယူခဲ့ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပြီး ၁၀ဝ ရာခိုင်နှုန်း အခွန် စည်းကြပ်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် TSMC ကုမ္ပဏီ ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ် (တိုင်ပေ) ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသော တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းအပေါ် စစ်ရေးနှင့်နိုင်ငံရေးအရဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်အခိုက်အတန့် တစ်ခုဖြစ်သော အဆိုပါ ရင်းနှီးမြှုပ်နှံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား-NP News