အမေရိကန်အပေါ် အမှီသဟဲပြုမည့်အစား ကိုယ်ပိုင် ကာကွယ်ရေး ယူနီယံ ထူထောင်ရေး အီးယူက ကြိုးပမ်းသင့်သည်ဟု ဥရောပကော်မရှင် အကြီးအကဲပြော
အမေရိကန်ပြည်ထောင်စုအပေါ် ဆက်လက် အမှီသဟဲပြုမည့်အစား ကိုယ်ပိုင်ကာကွယ်ရေး ယူနီယံတစ်ရပ်ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းသင့်သည်ဟု ဥရောပကော်မရှင် အကြီးအကဲ အူဆူလာ ဗွန်ဒါလေယန်က ပြောကြားလိုက်ကြောင်း သိရသည်။
အီးယူအဖွဲ့သည် လက်ရှိတွင် ခက်ခဲသည့် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည့် ကာလအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး အကာအကွယ်ပေးမည် ဟူသော ကတိကဝတ်များသည် ယခုအခါ သံသယ ဖြစ်စရာအခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဗွန်ဒါလေယန်က ဘရပ်ဆဲမြို့၌ မတ်လ ၉ ရက်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။
ထို့ကြောင့် အီးယူအဖွဲ့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ကာကွယ်ရေး ယူနီယံတစ်ရပ် ထူထောင်နိုင်ရေး အခြေခံအုတ်မြစ်အဖြစ် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၈၆၈ ဘီလီယံ) မတည်မည့်အစီအစဉ်ကို ၎င်းကထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဗြိတိန်၊ နော်ဝေနှင့် ကနေဒါကဲ့သို့သော စိတ်တူသဘောတူ နိုင်ငံများနှင့်လည်း အီးယူအဖွဲ့က ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဥရောပကော်မရှင်အဖွဲ့သည် အီးယူအပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုဆိုင်ရာ စိတ်မှန်းအခြေအနေများကို ခွဲခြမ်းစိတ်ဖြာထားသည့် စာတမ်းတစ်စောင်ကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း အဆိုပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။
Source: https://myawady.net.mm/