PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာနေ ကိုမွန်ထိုင်း(၂၅)နှစ်နှင့် ကော့ပိထော်ကျေးရွာနေ ကိုဇော်ထက်(ခ)ကလန် (၂၅)နှစ်တို့သည် ကလော့သော့ကျေးရွာအနီးရှိ ရော်ဘာခြံသို့ ဆိုင်ကယ် တစ်စီးဖြင့် သွားရောက်စဉ် ကလော့သော့ကျေးရွာအဝင်လမ်းရှိ ဘောလုံးကွင်းဘေးလမ်းထောင့်အရောက် မွန်ပြည်သစ်ပါတီ (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ ကျောက်ပန်းတောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး(၃၈)နှစ်သည် ရုံးစာရေး ဦးမျိုးကိုကို၊ ရုံးစောင့် ဦးမောင်ဝင်း၊ မြိုင်သာယာကျေးရွာနေ ဦးစိန်အောင်မင်း၊ တယ်ပင်တဲကျေးရွာနေ ဦးမျိုးမင်းထက်၊ အောင်မင်္ဂလာ ရပ်ကွက်နေ ဦးဆန်းဝင်းတို့နှင့်အတူ မြိုင်သာယာကျေးရွာအနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ ၎င်းပိုင် စိုက်ပျိုးရေးခြံ၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ရောက်ရှိလာပြီး ဦးသန်းဇော်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ စိုက်ပျိုးရေးခြံအတွင်း ရပ်ထားသည့် မော်တော်ယာဉ် နှစ်စီးအား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဇော်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm