ISIS ဒုတိယခေါင်းဆောင် အီရတ်၌ သေဆုံးခဲ့ဟု အမေရိကန် စစ်ဘက် ပြော

News Image

  • ISIS ဒုတိယခေါင်းဆောင် အီရတ်၌ သေဆုံးခဲ့ဟု အမေရိကန် စစ်ဘက် ပြော

အီရတ်အနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း Islamic State စစ်သွေးကြွအဖွဲ့၏ ဒုတိယခေါင်းဆောင် သေဆုံးခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောပါသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် Abdallah Makki Muslih al-Rifai ခေါ် Abu Khadijah နှင့် အခြား ISIS အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ်က မတ်လ ၁၄ ရက်(သောကြာ)နေ့က ကြေညာခဲ့ပါသည်။

အမေရိကန်တပ်ဖွဲ့များသည် အီရတ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဝန်ထမ်းများနှင့်ပူးပေါင်းကာ အီရတ်နိုင်ငံ Anbar ပြည်နယ်၌ အဆိုပါ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။

Abu Khadijah သည် ကမ္ဘာတစ်ဝန်းမှ ISIS ၏ စစ်ဆင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီစဉ်မှုများအတွက် တာဝန်ယူဆောင်ရွက်ခဲ့သည်ဟု အမေရိကန်စစ်ဘက်က ဆိုသည်။ ၎င်းသည် ISIS ၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင်များအတွက် ဘဏ္ဍာရေးလုပ်ငန်းပိုင်းတွင် အဓိက ညွှန်ကြား ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

အမေရိကန်သမ္မတ Donald Trump ကလည်း အဆိုပါသတင်းနှင့် ပတ်သက်ပြီး လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ပါသည်။

ISIS သည် ၂၀၁၄ ခုနှစ်တွင် ဆီးရီးယားနှင့် အီရတ်၏နယ်မြေ အများ အပြားပါဝင်သည့် ဒေသများတွင် အစ္စလာမစ်အုပ်ချုပ်ရေး ထူထောင်ရန်အတွက် တစ်ဖက်သတ်ကြေညာခဲ့ကာ အမေရိကန်နှင့် ပူးပေါင်း တပ်ဖွဲ့ များ၏ စစ်ဆင်ရေးများကြောင့် ယင်းနယ်မြေအများစုကို ဆုံးရှုံးခဲ့ရသည်။

သို့သော် လွန်ခဲ့သောနှစ် ဒီဇင်ဘာလ၌ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရ ဖြုတ်ချခံရပြီးနောက် ISIS သည် ဆီးရီးယား၏ မငြိမ်မသက် ဖြစ်မှုကို အသုံးချပြီး ပြန်လည်အားကောင်းလာနိုင်ကြောင်း လေ့လာသူ အချို့က သတိပေးခဲ့သည်။

Assad အစိုးရ ရုတ်တရက်ပြိုလဲသွားခြင်းကြောင့် ISIS သည် ဆီးရီးယား စစ်စခန်းများ၌ သိုလှောင်ထားသည့် လက်နက်အများအပြားကို သိမ်းယူနိုင်ရန်အခွင့်အရေးရခဲ့ကြောင်း အမေရိကန်အခြေစိုက် Institute for the Study of War က ပြောပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂