မက်ခရွန်က အမေရိကန်ထုတ်လက်နက်များအပေါ် မှီခိုမှု လျှော့ချရန်အတွက် အီးယူ၌ စည်းရုံးမှုများလုပ်ဆောင်

News Image

  • မက်ခရွန်က အမေရိကန်ထုတ်လက်နက်များအပေါ် မှီခိုမှု လျှော့ချရန်အတွက် အီးယူ၌ စည်းရုံးမှုများလုပ်ဆောင်

အီးယူသည် အမေရိကန်လုပ်လက်နက်များအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ပြီး အခြားရွေးချယ်စရာများကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားခဲ့ ပါသည်။ မတ်လ ၁၅ ရက်နေ့က ပြင်သစ်မီဒီယာနှင့်အင်တာဗျူးတွင် Macron က အီးယူ၏ လက်နက်တပ်ဆင်ရေး ကြိုးပမ်းမှုများတွင် အဖွဲ့ဝင် နိုင်ငံများသည် “အမေရိကန်မှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း” ကို ရပ်တန့်ပြီး ဥရောပကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများထံမှဝယ်ပါက ပိုမိုထိရောက်မှုရှိမည်ဟု ပြောဆိုလိုက်ပါသည်။ 

အဆိုပါမှတ်ချက်များသည် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ၏ မကြာသေးမီက အဆိုပြုခဲ့သည့် အီးယူ၏ စုပေါင်းကာကွယ်ရေးကို အားကောင်းစေရန် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၈၇၅ ဘီလီယံ) အထိ ရရှိရန်လုပ်ဆောင်ကြရမည်ဟု ပြောဆိုခဲ့မှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ရုရှား၏ ခြိမ်းခြောက်မှုများကို ပြန်လည်တုန့်ပြန်ရန်ဟူသော ရည်ရွယ်ချက်ဖြင့်   ReArm အစီအစဉ်ကို ဘရပ်ဆဲလ်က လုပ်ဆောင်မည် ဟု ဆိုသည်။ သို့သော် ရုရှားက အဆိုပါစွပ်စွဲပြောဆိုမှုများကို အခြေအမြစ် မရှိကြောင်းတုန့်ပြန်ခဲ့သည်။ Macron သည် မကြာသေးမီက ပြင်သစ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့အား အမေရိကန်အစား အခြားရွေးချယ်စရာများအဖြစ် ရပ်တည်ရန် အားပေး ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ “အီးယူ၏ အကောင်းဆုံး ထုတ်ကုန်များ အတွက် နည်းစနစ်များရှိထားပြီးဖြစ်၍ အမေရိကန်မှ လက်နက်ဝယ်ယူလေ့ ရှိသော ဥရောပနိုင်ငံများထံ ချဉ်းကပ်ကာ လက်နက်များ ထုတ်လုပ် ရောင်းချ နိုင်ရေး ထုတ်လုပ်သူများအား အကြံပြုခဲ့ကြောင်းနှင့် အမေရိကန်ထုတ် လက်နက်များနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များ၏ အရည်အသွေးနှင့် တန်းတူထုတ်လုပ်နိုင်ရန်လိုအပ်ပြီး ပစ္စည်းနမူနာများရယူကာ အရည်အသွေး ပြည့်မီစွာထုတ်လုပ်ရန် ပြောထားပါသည်” ဟု Macron ကဆိုသည်။

အီးယူကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ရန် မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများအား တုန့်ပြန်သည့် အနေဖြင့်အမေရိကန်ထုတ်လက်နက်များအစား ၎င်းတို့၏ ကိုယ်တိုင်ထုတ် လက်နက်များကိုသာအသုံးပြုကြရန် စည်းရုံးမှုထွက်ပေါ်လာခြင်း ဖြစ်သည်။ “အင်အားကြီးနိုင်ငံများ၏ ရပ်တည်ချက်ပြောင်းလဲမှုများနှင့် ရင်ဆိုင် ရသည့်အခါ အီးယူနိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် မှီခိုမှုနည်းရန် လိုအပ်ပြီး ကိုယ်ပိုင်ထုတ်လုပ်မှုနှင့် နည်းဗျူဟာများကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြင့် ကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမို လွတ်လပ်စွာရပ်တည်နိုင်ရန် အီးယူ၏ အချုပ်အခြာအာဏာပိုင်မူဝါဒကို အရှိန်မြှင့်တင်ရန် လိုအပ်ပါသည်” ဟု Macron က ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂