ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုတွေအားလုံးအတွက် အီရန်က တာဝန်ယူရမည်ဟု အမေရိကန်သမ္မတပြော

News Image

  • ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုတွေအားလုံးအတွက် အီရန်က တာဝန်ယူရမည်ဟု အမေရိကန်သမ္မတပြော

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ နောက်ထပ် တိုက်ခိုက်မှု များအတွက် အီရန်က တာဝန်ယူရမည်ဖြစ်ပြီး ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေး ပြောဆိုခဲ့ပါသည်။

ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများအပေါ် တိုက်ခိုက်မှုများကို တားဆီးရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်က စတင်ခဲ့ပြီးနောက် တစ်ရက် အကြာတွင် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ သတိပေးပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်နယ်ထရမ့်က “ဟူသီလက်နက်ကိုင်အဖွဲ့၏ နောက်ထပ် တိုက်ခိုက်မှု များအားလုံးအတွက် အီရန်ကတာဝန်ယူရမည်ဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း တာဝန်ယူရမည်၊ ဤအကျိုးဆက်များက အလွန်ဆိုးရွားနိုင်ကြောင်းနှင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု များအားလုံးသည် အီရန်၏ကျောထောက်နောက်ခံပြုမှုများ ပါဝင်သည်” ဟု သတိပေးပြောဆိုခဲ့ပါသည်။

ထို့အပြင် ဟူသီလက်နက်ကိုင်အဖွဲ့အား စစ်လက်နက်ပစ္စည်းပေးပို့ခြင်းများ၊ ငွေကြေးထောက်ပံ့ခြင်းများနှင့် ထောက်လှမ်းရေး အချက်အလက်များ ပေးပို့ခြင်းအားလုံးကို အီရန်က လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေါ်နယ် ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါသည်။

လွန်ခဲ့သောရက်ပိုင်းက အမေရိကန်စစ်တပ်သည် ယီမင်အခြေစိုက် ဟူသီ လက်နက်ကိုင်အဖွဲ့ကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ သတိပေးပြောဆိုလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား-NP News