ဟူသီလက်နက်ကိုင်များအား ဆက်လက်နှိမ်နင်းမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဟူသီလက်နက်ကိုင်များအနေဖြင့် အခြားနိုင်ငံ၏ သင်္ဘောများနှင့် အမေရိကန်ရေတပ်အား တိုက်ခိုက်နိုင်စွမ်း မရှိတော့ သည့်တိုင်အောင် ယီမင်ရှိ ဟူသီလက်နက်ကိုင်များကို အမေရိကန်နိုင်ငံက ဆက်လက်နှိမ်နင်းမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံအနေဖြင့် ဟူသီလက်နက်ကိုင်များအပေါ် မြေပြင် စစ်ရေးလှုပ်ရှားမှုများစတင်ရန် ဆွေးနွေးခြင်း မရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း အမေရိကန် စစ်သင်္ဘောများကို ၁၇၄ ကြိမ်တိုင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမေရိကန်စစ်တပ်အနေဖြင့် ယခုအကြိမ်တွင် ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက် နိုင်စွမ်းမရှိတော့သည့်တိုင်အောင် အခိုင်အမာ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မာကိုရူဘီယိုက CBS သတင်း ကုမ္ပဏီ၏ “Face the Nation” အစီအစဉ် မေးမြန်းမှု လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။
မာကိုရူဘီယိုက အမေရိကန်နိုင်ငံအနေဖြင့် မြေပြင် စစ်ရေးလှုပ်ရှားမှုများစတင်ရန် ဆွေးနွေးခြင်း မရှိသေးကြောင်း၊ “လောလောဆယ် မလိုအပ်သေးဘူး” ဟု ၎င်းက ယူဆကြောင်း ပြောကြားခဲ့သည်။
အမေရိကန် က မတ် ၁၅ ရက်တွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ် ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့ရာ ယင်းနောက်တွင် ဟူသီလက်နက်ကိုင်များက အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် ၎င်းအတူ လိုက်ပါလာသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ အမေရိကန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၃ ဦးသေဆုံးကာ အခြားသူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်ရှိ ဟူသီလက်နက်ကိုင်များက မတ် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကိုးကား- ဆင်ဟွာ