လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့
လပွတ္တာ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရည်ရည်ဝင်းက ပြောပြသည်။
လပွတ္တာမြို့နယ်မှ ငါးတန်များအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးတန်ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိ ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ငါးတန်ပိဿာချိန် ၇၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လပွတ္တာမြို့နယ်ကနေထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်ဈေးကွက်က ပြီးခဲ့တဲ့ တစ်လအတွင်းကော အခုလက်ရှိကော ရေထွက်ကုန်တွေကို ဝယ်ယူမှုများပြားနေပါတယ်။ ငါးတန်က ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ တင်ပို့အားတက်လာတော့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေလာပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရည်ရည်ဝင်း က ပြောပြသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန် ၁၀ ပိဿာလျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ