ယူကရိန်းပဋိပက္ခအတွင်း ရုရှားစစ်သည် ၂၅၀,၀၀၀ ခန့်အထိ သေဆုံးခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနပြော
၂၀၂၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ယူကရိန်းကျူးကျော်စစ်အတွင်း ရုရှားဘက်မှ စစ်သည် ၉၀၀,၀၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သည် ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ခန့်အထိ သေဆုံးခဲ့ကြောင်းနှင့် ဤသည်မှာ ဒုတိယကမ္ဘာစစ်ကာလမှစ၍ ယနေ့အချိန်အထိ ရုရှားနိုင်ငံ၏ စစ်သည်သေဆုံးမှု ပမာဏအမြင့်ဆုံးအခြေအနေတစ်ရပ်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ (၂၀) ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ ပါသည်။
ရုရှားသမ္မတ ပူတင်နှင့် ၎င်း၏ စစ်ဘက်ခေါင်းဆောင်ပိုင်းများသည် ယူကရိန်းစစ်ပွဲအတွက် ပြည်သူလူထုနှင့် အဓိက ပံ့ပိုးပေးသည့်နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ထိခိုက်မှုမရှိစေဘဲ သေဆုံးမှုနှုန်းကို ကာမိစေရန်အတွက် အင်အားပြန်လည်ဖြည့်တင်းရန် အသေအချာ ပြင်ဆင်ထားရှိကြောင်း၊ သို့သော် ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲနွမ်းပါးသည့် ဒေသများမှ တိုင်းရင်းသားလူနည်းစုများ၏အသက်များအား တန်ဖိုးထားမှု လွန်စွာနည်းပါးကြောင်း၊ အဆိုပါဒေသများကို အဓိကထား၍ စစ်သည်စုဆောင်းမှုများကို လုပ်ဆောင်ကြကြောင်း၊ မော်စကိုကဲ့သို့သော မြို့ပြဒေသမှ ဆလပ်လူမျိုးများသည် ဆင်းရဲနွမ်းပါးကြသည့် အခြားသောလူနည်းစုတိုင်းရင်းသားများထက် စစ်သားစုဆောင်းခံရမှုနှုန်းမှာ လွန်စွာ နည်းပါးလှကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ရေးသားဖော်ပြခဲ့ပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)